ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲ

  • 29 နိုဝင်ဘာ 2011
Image caption မန်ဝိန်းကြီး ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်

မန်စီမြို့နယ် မန်ဝိန်းကြီးဒေ အတွင်းမှာ ကချင်လွပ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင် တွေနဲ့ အစိုးရ စစ်ကြောင်းတွေ အကြား ဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) အခြေစိုက် တဲ့ မန်ဝိန်းကြီး ဂွင်အတွင်းက ‘ပလောင်ဒိန်ဆာ’ ရွာကို အစိုးရ တပ်ဖွဲ့တွေက အင်အား (၃ဝဝ) ကျော် လောက်နဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ကြောင့် KIA တပ်ရင်း (၂၇) ဟာ အင်္ဂါနေ့ ညနေ (၂) နာရီ ကျော်ခန့်က ဆုတ်ခွာပေးခဲ့ရပြီး နောက်၊ မန်ဝိန်းကြီး ဒေသ အတွင်းမှာ အခုလို တိုက်ပွဲကြီးငယ် တွေ ဆက်လက် ဖြစ်ပွား နေတာ ဖြစ်ပါတယ်။

အစိုးရစစ်တပ်တွေဟာ၊ မန်စီ-မန်ဝိန်းကြီး ကားလမ်းကို ထိန်းချုပ်နိုင်ရေး အတွက် ကေအိုင်အေရင်း(၂၇) အခြေစိုက်တဲ့ ‘ပလောင်ဒိန်ဆာ’ကို လွန်ခဲ့တဲ့ သီတင်း နှစ်ပတ် ကတည်းက ထိုးစစ် ဆင်နေခဲ့တာ ဖြစ်ပါတယ်။

မန်စီ-မန်ဝိန်းကြီး လမ်းကြောင်းဟာ အစိုးရတပ် ထောက်ပို့အတွက် အဓိကကျတဲ့ လမ်းကြောင်း ဖြစ်တာကြောင့် အစိုးရ စစ်တပ်ဘက်ကနေ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အလားတူပဲ အင်္ဂါနေ့ မနက်ပိုင်းကလည်း ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် အနောက် ဘက်က ဧရာဝတီမြစ်ကို ဖြတ်ကူးလာတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို ကေအိုင်အေ တပ်ဖွဲ့ဝင် တွေက သွားရောက် တိုက်ခိုက်ခဲ့ရင်း ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

အင်အား (၃ဝဝ) ဝန်းကျင်ခန့်ရှိ အစိုးရ စစ်ကြောင်းတခုဟာလည်း ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ‘နန်ဝိုင်း’ရွာနဲ့ ‘ဖာဂီ ’ရွာတွေကို ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁၂) နာရီခန့်က မီးတင်ရှို့ခဲ့ ကြောင်း၊ ဒေသခံတွေ အဆိုအရ သိရပါတယ်။

အိမ်ခြေ (၆ဝ) ခန့်ရှိ နန်ဝိုင်းရွာဟာ (၁ဝ) အိမ်ခန့်ပဲ ကျန်ခဲ့သလို၊ အိမ်ခြေ (၂ဝ) ကျော်ရှိ ‘ဖာဂီ’ ရွာဟာလဲ ရွာလုံးကျွတ် ပြာကျသွားခဲ့ရပြီး၊ ဒေသခံ ရွာသူရွာသားတွေဟာ ဘေးလွတ် ရာ ကေအိုင်အေ ထိန်းချုပ် နယ်မြေ (ခါလား ) ရွာဘက်ဆီ ထွက်ပြေး နေကြ ရကြောင်း သိရပါတယ်။

ဒီတိုက်ပွဲတွေ အတွင်း ထိခိုက်ကျဆုံးမှုတွေ ရှိကြောင်း သိရပေမဲ့၊ အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာ အခုချိန်အထိတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။။