မွန် ပါတီ နှစ်ခု ပေါင်းစည်းရေး။

  • 29 နိုဝင်ဘာ 2011
monflaginbigsize
Image caption မွန် ပြည်နယ် အလံ

မြန်မာနိုင်ငံတွင်း မှာ ရှိတဲ့ မွန် ပါတီ နှစ်ခု ပေါင်းစည်းရေး နဲ့ ပတ်သက်ပြီး ၉ဝ ခုနှစ်တုန်း က ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင် ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ၂ဝ၁ဝ ရွေးကောက်ပွဲ မှာ ဝင်ခဲ့တဲ့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ က တနင်္ဂနွေ နေ့ မှာ အစည်းအဝေး ပြုလုပ် ဆွေးနွေးခဲ့ ကြပါတယ်။

မွန်ပါတီဟောင်း ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလမှာ ပါတီ ကို ပြန်လည် မှတ်ပုံ မတင်ပဲ သပိတ်မှောက်ခဲ့တဲ့ ပါတီ ဖြစ်သလို စီအာပီပီ အဖွဲ့ဝင် ပါတီလည်း ဖြစ်ပါတယ်။ အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်းမှာ မွန် ပါတီ နှစ်ခု ပူးပေါင်းရေး ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

မွန်ပါတီသစ် ဖြစ်တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ အစည်းအဝေးမှာ ပါတီဟောင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ သူတို့ပါတီ ဘက်က ဆုံးဖြတ်ခဲ့ပေမယ့် နှစ်ပါတီ ဘယ်လို ပေါင်းစည်းမယ် ဆိုတာကို နှစ်ဘက် တွေ့ဆုံ ဆုံးဖြတ်ချက် ချတဲ့ အဆင့် မရောက်သေးဘူးလို့ ဉက္ကဌ နိုင်ငွေသိန်း က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့် အနာဂတ် မှာ မွန်ပါတီ ဟာ တပါတီထဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်တဲ့ အကြောင်း၊ ကော်မရှင် ဖွဲ့ပြီးတော့လည်း မွန်ပြည်သူတွေ ကို ရှင်းပြမှာ ဖြစ်သလို ပါတီ အမှုဆောင် တွေ အနေနဲ့လည်း ပူးပေါင်းဖို့ ရှိတဲ့ အကြောင်း ဉက္ကဌ နိုင်ငွေသိန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် တိုင်းရင်းသား ပါတီတွေ အနေနဲ့လည်း နိုင်ငံရေး ပါတီပြန်ဖွဲ့၊ မှတ်ပုံတင်ဖို့ စဉ်းစားရတဲ့ အကြောင်းလည်း နိုင်ငွေသိန်းက ရှင်းပြပါတယ်။