ဟီလာရီ ကလင်တန် နေပြည်တော်ရောက်

  • 30 နိုဝင်ဘာ 2011

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေ လေးနာရီသာသာမှာ နေပြည်တော် လေဆိပ်ကို ဆိုက်ရောက် လာခဲ့ပါတယ်။

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်ကို ဒီကနေ့ ရောက်လာပါပြီ

နှစ်ပေါင်း ၅၆ နှစ်အတွင်း မြန်မာပြည်ကို ရောက်ရှိလာတဲ့ မစ္စစ် ကလင်တန်ကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မျိုးမြင့်က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။

နေပြည်တော်ကို ကြိုတင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး သံတမန် ဒဲရစ်ခ် မစ်ချယ်လ် ကလည်း လေဆိပ်မှာ သူ့ ဝန်ကြီးကို လေယာဉ်ပေါ် တက်ရောက်ပြီး လာရောက် ကြိုဆိုခဲ့တယ်လို့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုမင်းထက်က လေဆိပ်ကနေ တိုက်ရိုက် သတင်းပေးပို့ ပါတယ်။

United States of America စာတမ်းပါတဲ့ လေယာဉ်နဲ့ လိုက်ပါလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတူ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတွေ ဖြစ်တဲ့ ကာ့တ် ကင်းဘဲလ်နဲ့ မိုက်ကယ် ပေါ့စနာ တို့လည်း လိုက်ပါလာကြ တယ်လို့ သိရပါတယ်။

မစ္စစ် ကလင်တန်ဟာ မနက်ဖြန် ကြာသပတေးနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်၊ အထက် အောက် လွှတ်တော် နှစ်ရပ်က ဥက္ကဌတွေ ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

လေဆိပ်မှာ တွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို ပြုံးပြုံးရွှင်ရွှင် တွေ့ရပေမယ့်လို့ ဒေသခံ မြန်မာ သတင်းထောက် တချို့မှာတော့ အကြောင်း တစုံတရာကြောင့် နေပြည်တော် လေဆိပ်ထဲ ဝင်မရတာ ရှိခဲ့တယ်လို့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုမင်းထက်က ပြောပါတယ်။

သောကြာနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး၊ ညနေပိုင်း မှာတော့ မြန်မာနိုင်ငံ ကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။