မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ICG အစီရင်ခံစာ

  • 30 နိုဝင်ဘာ 2011
Image caption မစ္စစ်ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ အချိန်ကိုက် ထွက်ပေါ်လာတာပါ

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ပဏာမ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်ကို ICG နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့် ရေး အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ငြိမ်းချမ်းရေး ပဏာမ ဆောင်ရွက်ချက်သစ်လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ အချိန်ကိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စဟာ အရေးပါတယ် ဆိုတာကို လက်ခံ အသိအမှတ်ပြုထားပြီး၊ အစိုးရက ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့တဲ့ အတိုင်း အခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ပဏာမ ဆောင်ရွက်ချက်တွေ စလုပ်လာနေပြီ ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့ရေးလို တောင်းဆိုချက်မျိုးတွေကို အစိုးရဘက်က ဆက်မတောင်း ဆိုတော့ပဲ အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာတာ တွေ့ရကြောင်းကိုလည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း အပစ်အခတ် ရပ်စဲရေး အဆင့်ထက် ရေရှည် ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ လိုတယ်လို့ ICG အရှေ့တောင်အာရှ စီမံကိန်း ဒါရိုက်တာ Jim Della Giacoma က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား တိုက်ပွဲ တချို့ ဖြစ်နေဆဲ ဖြစ်ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းရင်းသား လက်ကိုင်အဖွဲ့တွေနဲ့ တကယ်ပဲ ငြိမ်းချမ်းရေး ရလိုတဲ့ ကြိုးပမ်းမှုမျိုးတွေ ဆောင်ရွက်လာတာတွေ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဆွေးနွေးမှုတွေ မှာ တစတစ ဝင်ပါလာတာ တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီပဏာမ ဆွေးနွေးမှုတွေကနေ စစ်မှန်တဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ ဖြစ်လာမယ်ဆိုရင် ရေရှည် ငြိမ်းချမ်းရေးအတွက် လမ်းစ ဖြစ်လာမယ်လို့ Jim Della Giacoma က ပြောပါတယ်။