မစ္စစ် ကလင်တန် ခရီးစဉ် တရုတ် တုံ့ပြန်ချက်

  • 1 ဒီဇင်ဘာ 2011
Clinton ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် နိုင်ငံက အမေရိကန် မြန်မာ ဆက်ဆံရေးကို သတိနဲ့ စောင့်ကြည့် နိုင်ပါတယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့မြန်မာ နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ က ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

မြန်မာ နိုင်ငံဟာ အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်သင့်နေပြီလို့ တရုတ်အစိုးရက ဆိုသလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို အကြောင်းပြပြီး ပိတ်ဆို့ အရေးယူ တာတွေကိုလည်း ရုပ်သိမ်း သင့်ပြီလို့ ပြောပါတယ်။

တရုတ် အစိုးရက လူသိရှင်ကြား ဒီလို ပြောခဲ့ပေမယ့် တကယ်တမ်းတော့ မစ္စစ်ကလင်တန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သိပ်ဝမ်းသာမှာတော့ မဟုတ်ဘူးလို့ ဘေကျင်း မြို့မှာ ရှိတဲ့ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အနောက်နိုင်ငံ တွေက မြန်မာကို ပိတ်ဆို့ တားဆီးမှုတွေ လုပ်ခဲ့စဉ်က တရုတ်ဟာ မြန်မာဘက်က ရပ်တည်ခဲ့ပြီး အခုလို မြန်မာဖက်က နိုင်ငံခြားရေး မူဝါဒကို ပြန်လည် သုံးသပ်မယ်ဆိုရင် တရုတ်နဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးလာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

မစ္စစ်ကလင်တန် မြန်မာပြည်ကို ရောက်နေစဉ်မှာ တရုတ်သတင်းစာ တွေရဲ့ သုံးသပ်ချက်တွေကလည်း အမြင်အမျိုးမျိုး ဖြစ်နေပါတယ်။

တချို့သတင်းစာတွေက မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ပင်မှုတွေ ရုပ်သိမ်းဖို့ ရေးသလို တချို့ကတော့ တရုတ်၊မြန်မာ၊ အမေရိကန် သုံးပွင့်ဆိုင် ရှုထောင့်က ကြည့်ဖို့သင့်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ သတင်းစာမှာတော့ မစ္စစ်ကလင်တန် လာရောက်တဲ့သတင်းထက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်ပြည်မှာရောက်ရှိ နေတဲ့ သတင်းကို ပိုအသားပေး ဖော်ပြတာ တွေ့ရပါတယ်။