ဟီလာရီ ကလင်တန် နေပြည်တော် ရောက်ရှိ။

  • 1 ဒီဇင်ဘာ 2011
_clinton ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဟာ ကနေ့ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ရာမှာ ကျယ်ပြန်တဲ့ ဆွေးနွေးမှု တွေ ပြုလုပ်မယ် လို့ အမေရိကန် အရာရှိ တွေ ရဲ့ ပြောကြားချက် ကို မြန်မာဌာန မှ ဦးမင်းထက် က ကိုးကားပြီး ပြောပြပါတယ်။

အခု အချိန်မှာ အစိုးရ ဘက်က ပြုပြင်ပြောင်းလဲ လိုစိတ် ဟာ အမှန်တကယ် ဟုတ် မဟုတ် ကိုလည်း သိရမှ၊ အမေရိကန် အစိုးရ အနေနဲ့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်တွေ ပြုနိုင်မယ် လို့လည်း၊ ဦးမင်းထက်က နေပြည်တော် က သတင်းပေးပို့ ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ် ဟာ မြန်မာနိုင်ငံ အတွင်း နိုင်ငံရေး အရ တိုးတက် ဖြစ်ပေါ်မှု တွေ မြင်ရချိန်မှာ ရောက်လာ လို့ သင့်မြတ် တဲ့ အစီအစဉ် ဖြစ်ကြောင်း ရန်ကုန် အမေရိကန် သံရုံး မှာ သံရုံးယာယီ တာဝန်ခံ အဖြစ် အမှုထမ်းခဲ့ ဖူးတဲ့ Priscilla Clapp က လည်း ဘီဘီစီ ကို ပြောပါတယ်။

မစ္စက် ကလင်တန် အနေနဲ့ မြန်မာ့နိုင်ငံရေး အပိုင်းမှာ ကဏ္ဏသစ် ဖွင့်ပေးနိုင်မယ် လို့ မျှော်လင့်ယင်း၊ စီးပွားရေး ပိတ်ဆို့မှု ကို ဖယ်ရှားရေးထက် နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ အပြုသဘော ဆောင်တဲ့ အချက်အလက် တွေကို သမ္မတ ဦးသိန်းစိန် နဲ့ ကနေ့ တွေ့ဆုံတဲ့ အခါနဲ့ ညနေပိုင်း မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တဲ့ အခါမှာ ထွက်ပေါ် လာမယ်လို့ ယူဆပုံ ကို မစ္စကလက်ပ် က ဘီဘီစီ ကိုရှင်းပြပါတယ်။

အမေရိကန် အစိုးရ ဘက်က မြန်မာနိုင်ငံ နဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အပိုင်းမှာ လူ့အခွင့်အရေး ကိစ္စရပ်၊ နိုင်ငံရေး အကျဉ်းသား တွေ ထပ်မံ လွှတ်ပေးရေး နဲ့ မြန်မာပြည်သူ တွေရဲ့ လူမှုဘဝ အဆင့်အတန်း တိုးတက်မှု မရှိတာ ပါဝင်ကြောင်း၊ တရုတ်အစိုးရ နဲ့ မြန်မာ အစိုးရ နီးစပ် ပြေလည်မှု ရှိတာကို အမေရိကန်က စိုးရိမ်တယ် လို့ ပြောသံတွေ ဟာ မီဒီယာ နဲ့ လူတွေရဲ့ အမြင်လို့ မစ္စကလက်ပ် က ပြောပါတယ်။

မြန်မာ အစိုးရ နဲ့ အမေရိကန် ဆက်ဆံရေး ပိုမို ပြေလည်အောင် စီးပွားရေး ပိတ်ဆို့မှု ကိုရုပ်သိမ်းပေးမယ့် အစီအစဉ် ရယ်၊ ဒီပိတ်ဆို့မှု ကြောင့် သာမန်ပြည်သူတွေ ထိခိုက်မှု ရှိတယ် ဆိုတဲ့ ပြောဆိုမှု တွေနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ၊ အမေရိကန် ဘက်က ပိတ်ဆို့မှု ဖယ်ရှားမယ့် အဆင့် မရောက်သေးတဲ့ အကြောင်း၊ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး အခြေအနေ ကြောင့် ပြည်သူတွေ ထိခိုက်တာ ဖြစ်ကြောင်း မစ္စကလက်ပ် က ဘီဘီစီ ကိုပြောပြပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ် အမေရိကန် က မျှော်လင့်ရာမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ တွေ ပေါ်ပေါက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ တင်ပြဆွေးနွေး ခွင့် ရခဲ့ရင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှု တွေဟာ အားတက်စရာ ကောင်းနိုင်ပုံ မစ္စကလက်ပ် က ပြောပြပါတယ်။