အမေရိကန်ရဲ့အဆိုပြုချက်တွေအပေါ် UNFCရဲ့ သဘောထား

  • 1 ဒီဇင်ဘာ 2011
Image caption စစ်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြ ရတဲ့ ဒုက္ခသည်တွေ အကူအညီ မဲ့နေကြ

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန် တိုက်တွန်း ပြောဆိုသွားတဲ့ အချက်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် အဆိုပြု ချက်တွေလည်း ပါဝင်ပါတယ်။

ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားနေရာ ဒေသတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဝင်ရောက် လေ့လာခွင့် ပြုဖို့ သမ္မတ ဦးသိန်းစိန် ကို မစ္စစ် ကလင်တန်က တိုက်တွန်းပြောဆိုသွားပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုတိယ ဥက္ကဌ ၂ စောဒေးဗစ် တာကဘောက မစ္စစ် ကလင်တန်ရဲ့ အဆိုပြုချက်ကို ကြိုဆို ထောက်ခံလိုက်ပြီး ပဋိပက္ခတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အခုလို လူ့အခွင့်အရေး အဖွဲ့အစည်းတွေ လာရောက်တာဟာ ကောင်းတယ်လို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ ချဉ်းကပ် ဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာ ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်တယ်လို့ မြင်ကြောင်း၊ ဒေသတခုလုံး တည်ငြိမ် အေးချမ်းမှုရရေးကို ရှေ့ရှုပြီး အမေရိကန်ဘက်က အခုလို ဆောင်ရွက်တာလို့ ယူဆကြောင်း စောဒေးဗစ် တာကဘောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပီပီပြင်ပြင် ဖြစ်လာဖို့ အရေးကြီးကြောင်းနဲ့ မြန်မာအစိုးရဘက်က နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးတာမျိုး၊ မီဒီယာ လွတ်လပ်ခွင့် ပေးတာမျိုး၊ တိုင်းရင်းသားတွေနဲ့ အနှစ်သာရ ရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်တာမျိုးတွေ ဖြစ်လာ မှသာ အမေရိကန် အစိုးရအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးသင့်တယ် လို့လည်း UNFC ဒုတိယ ဥက္ကဌ ၂ စောဒေးဗစ် တာကဘောက ပြောသွားပါတယ်။