အမေရိကန်လာသင့်တာကြာပြီလို့ ဒေါ်စုပြော

  • 2 ဒီဇင်ဘာ 2011

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အိုဘားမားနဲ့ မိနစ် ၄၅ ကြာ တယ်လီဖုန်းနဲ့ ဆွေးနွေးပြောဆို ပြီးနောက်မှာ အမေရိကန် နိုင်ငံခြားရေး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို လာရောက်ခဲ့တာနဲ့ စပ်လို့ အမေရိကန်တို့ လာသင့်တာ ကြာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NLD
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

ရန်ကုန်ရောက် ဘီဘီစီ သတင်းထောက် ကိုမင်းထက်က ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် တွေ့ဆုံ နှုတ်ဆက်ချိန်မှာ ဒေါ်စုက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တခါ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကိုလည်း ယုံကြည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ သတင်းထောက်ကို ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံ ဆွေးနွေးပြီးနောက်မှာ သမ္မတဟာ ရိုးသားသူ ဖြစ်တယ်လို့ သူ ယုံကြည်ခဲ့တယ်လို့ ဒေါ်စုက ခပ်တိုတိုပဲ ပြောပါတယ်။

ဒီကနေ့ မနက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို တက္ကသိုလ် ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ မှာ ရှိတဲ့ သူ့နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

သူတို့ နှစ်ဦးကြည့်ရတာ တဦးနဲ့တဦး အလွန် ခင်မင်ဖော်ရွေလှပြီး၊ နှစ်ရှည်လများ နေအိမ်အကျယ်ချုပ်အဖြစ် နေခဲ့ရတဲ့ အိမ်အတွင်း အပြင်တွေကို ဒေါ်စုက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို သေသေချာချာ ပြသခဲ့တယ်လို့ ကိုမင်းထက်က ပြောပြပါတယ်။

ဟီလာရီ ကလင်တန်ကလည်း မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောက်လျှောက် ပြသနိုင်ခဲ့တဲ့ ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းဆောင်ရည်တွေကို အနည်းဆုံး နှစ်ကြိမ်လောက် သိသိသာသာ ထုတ်ဖော် ချီးကျူးခဲ့သလို၊ ဒေါ်စုရဲ့ စွမ်းဆောင်ရည်တွေဟာ တာဝန်ကျေပွန်လွန်းပြီး တပါးသူတို့အတွက် အားကျစရာ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ လက်ရှိ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ထိစပ် ဆောင်ရွက်မှုတွေကို သူ့အနေနဲ့ ကြိုဆို သဘောကျတယ်၊ အမေရိကန် အနေနဲ့ မြန်မာကို နည်းပညာ အကူအညီတွေ ပေးဖို့ရယ်၊ မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုတော့ ဒီထက်ပိုလုပ်ဖို့ လိုသေးတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဟီလာရီ ကလင်တန်ကလည်း နှစ်နိုင်ငံကြား ပြည်သူချင်း ပိုမို ကူးလူးဆက်သွယ်ကြဖို့၊ လူသားအရင်းအမြစ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ပိုပြီး ရင်းရင်းနှီးနှီး ကူညီဆောင်ရွက် ပေးမယ့်အကြောင်းတွေလည်း ပြောဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြန်တဲ့အခါမှာလည်း ရင်းရင်းနှီးနှီး ပါးချင်းအပ်၊ လက်ချင်းဆုပ်ပြီး နှုတ်ဆက်ခဲ့ကြတယ်၊ နှစ်ဦး ကြည့်ရတာ တော်တော် ရင်းနှီးကြတယ်လို့ ရန်ကုန်ရောက် ဘီဘီစီ သတင်းထောက် ကိုမင်းထက်က ပြောပါတယ်။