Chatham House Prize 2011 ဒေါ်စု ကို ချီးမြှင့်

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် kyaw Zwa facebook
Image caption လန်ဒန်မှာ ကျင်းပတဲ့ Chatham House ဆုပေးပွဲ

ဗြိတိန်မှာရှိတဲ့ Chatham House အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို Chatham House Prize 2011 ဆု ချီးမြှင့်ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေ လန်ဒန်မြို့က Chatham House မှာ ကျင်းပခဲ့တဲ့ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင် သွင်းယူထားတဲ့ ဗီဒီယို ပြောကြားချက် မှတ်တမ်း ကိုလည်း ပြသခဲ့ရာမှာ ‘ မြန်မာ အစိုးရ အဖွဲ့ထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ တကယ်လုပ်ဆောင်ချင်သူတွေ ရှိနေပါတယ် ၊ ဒီအချိန်ဟာ စွန့်စားထိုက်တဲ့ အချိန်လို့ ကျမယူဆပါတယ်’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အဲဒီ ဆုပေးပွဲ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madaleine Albright က ဒေါ်အောင်ဆန်း စုကြည် ကိုယ်စား ဆု တက်ယူခဲ့ပါတယ်။

Chatham House ဟာ နိုင်ငံတကာရေးရာ တွေကို လွတ်လပ်စွာ သုံးသပ်ပြီး အဓိကကျတဲ့ နိုင်ငံတကာ ဖြစ်ရပ်တွေကို သိရှိနားလည်လာအောင် ဆောင်ရွက်နေတဲ့ ထင်ရှားတဲ့ အဖွဲ့ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာ့ နိုင်ငံရေး ဇတ်ခုံမှာ ထူးခြားတဲ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့်ခဲ့ရာမှာ ၂၀၁၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။