မစ္စစ် ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

  • 2 ဒီဇင်ဘာ 2011
Clinton ASSK ဓာတ်ပုံ မူပိုင် NLD
Image caption မစ္စစ် ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ဟာ ရန်ကုန်မြို့မှာ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ကြာသပတေးနေ့ညက အမေရိကန် ယာယီသံရုံး တာဝန်ခံနေအိမ်မှာ နှစ်ဦး ညစာအတူစား ခဲ့ပြီးနောက် သောကြာနေ့ မနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

နှစ်ဦး ဆွေးနွေးပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ နဲ့ ပဋိပက္ခတွေ ရပ်စဲဖို့ လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

နောက်ပြီး တကယ်လို့ အားလုံးလက်တွဲ ဆောင်ရွက်ရင် ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ပြန်လှည့်စရာ မရှိဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီလို့တော့ ပြောလို့ မရနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီမိုကရေစီကို ပန်းတိုင်အဖြစ် ထားရမှာ ဖြစ်တယ်၊ ဒီခရီးဟာ ကြာရှည်ပြီး ခက်ခဲတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ လမ်းစတွေ မြင်နေရပြီလို့ ပြောပါတယ်။

မစ္စစ် ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း တိုင်းရင်းသားပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စစ် ကလင်တန်ရဲ့ ခရီးစဉ်မှာ သူ့ရဲ့ တောင်းဆိုချက်တွေကို ပွင့်ပွင့် လင်းလင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သလို မြန်မာဘက်က ပြောင်းလဲမှုတွေ ဆက်လုပ်ရင် ပိတ်ဆို့အရေးယူမှုတွေ လျော့ချနိုင်ဖို့ နဲ့ ယုတ်သိမ်းဖို့ စဉ်းစားမယ်ဆိုတဲ့ မက်လုံးတွေလည်း ပေးခဲ့တာကြောင့် ပြောင်းလဲမှုတွေ ဘယ်လို ဆက်လုပ်မလဲဆိုတာ မြန်မာအစိုးရအပေါ်မှာ ပိုပြီး မူတည်လာတယ်လို့ မြန်မာနိုင်ငံတွင်းကို သတင်းယူဖို့ ရောက်နေတဲ့ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုမင်းထက်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟီလာရီ ခရီးစဉ်အကြောင်း ကိုမင်းထက်ကို ကိုမိုးမြင့်က မေးမြန်းထားတာ ဒီမှာ နားဆင် နိုင်ကြပါတယ်။