ဟီလာရီ ကလင်တန်နဲ့ ဘီဘီစီ သတင်းထောက် သီးသန့် အင်တာဗျူး

  • 2 ဒီဇင်ဘာ 2011
clinton assk ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရင်းရင်းနှီးနှီး တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူအခုမှ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးတာ ဖြစ်ပေမယ့် အရင်ကတည်းက ရင်းနှီး ကျွမ်းဝင်ခဲ့တယ်လို့ ခံစားမိပါတယ် လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို သူအမြဲ လေ့လာ စောင့်ကြည့် နေတာ ကြောင့်လည်း ဖြစ်နိုင်သလို လူချင်း မတွေ့ပေမယ့် တိုက်ရိုက် ဒါမှမဟုတ် ကြားလူကနေ တဆင့် ပြောဆို ဆက်ဆံ နေတာတွေကြောင့်လည်း အခု တွေ့တဲ့အခါ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့တယ်လို့ ခံစားမိပါတယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်း စုကြည်နဲ့ မပြတ် ညှိနှိုင်း မှုတွေ လုပ်နေ တာကြောင့် အမေရိကန် အစိုးရရဲ့ မြန်မာ နိုင်ငံနဲ့ ပြန်ထိတွေ့ ဆက်ဆံရေး ပေါ်လစီဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမြင် သဘောထားတွေ ပေါ်မှာပဲ မူတည် ချမှတ် နေတာလားဆိုတဲ့ ဝေဖန် ပြောဆိုမှု မျိုးတွေနဲ့ ပတ်သက်လို့ ဘယ်လို တုန့်ပြန် လိုပါ သလဲလို့ ဘီဘီစီ သတင်းထောက် Kim Ghattas ရဲ့ မေးခွန်းကို မစ္စစ် ကလင်တန်က အမေ ရိကန် အစိုး ရဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အနီးကပ် ညှိနှိုင်း ဆောင်ရွက် နေသလို တခြား လူတွေနဲ့ လည်း အလားတူ ဆောင်ရွက် နေပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်ခွဲတာ ကာလ အတွင်းမှာ မြန်မာနိုင်ငံကို လာတဲ့ အမေရိကန် အဆင့်မြင့် အရာရှိ တွေရဲ့ ခရီးစဉ်ပေါင်း ၂၀လောက် ရှိခဲ့ပါတယ်။ အဲဒီ ခရီးစဉ်တွေအတွင်းမှာ လူမှုအသိုင်းအဝိုင်းအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ရော၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ရော၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံ ခဲ့တာမို့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကောင်းကောင်း လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမေရိကန် အစိုးရရဲ့ ချဉ်းကပ် ပုံနည်းနဲ့ ပတ်သက်လို့ ကျေနပ် အားရ ကြောင်းကို ထုတ်ဖေါ် ပြောခဲ့ပါတယ်။

တခါမစ္စစ် ကလင်တန်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ခဲ့ တာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တာမို့ သူ့အနေနဲ့ ဘာမှ မပြောလိုပါဘူး၊ ဒေါ်အောင်ဆန်း စုကြည်ဟာ နက်နက် ရှိုင်းရှိုင်း လေ့လာ စဉ်းစား တွေးခေါ်ပြီးမှ ဒီလို ဆုံးဖြတ်ခဲ့တာလို့ ယုံပါတယ်၊ သူ့ရဲ့ ကိုယ်ပိုင် အတွေ့ အကြုံအရ ပြောရမယ်ဆိုရင် တရားဝင် ရွေးချယ် ခန့်အပ်ခံရထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်လာ ပြီဆိုရင် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ခွင့် ရလာမယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်း စုကြည်ဟာ အနာဂါတ် အတွက် အကောင်းဆုံး ဘယ်လို တာဝန်ယူ ဆောင်ရွက် နိုင်မလဲ ဆိုတာကို လေ့လာပြီးမှ အခုလို လုပ်ဆောင် နေတာလို့ ယူဆ ပါတယ်ဆိုပြီး မစ္စစ် ကလင်တန်က ပြောသွားပါတယ်။

စစ်ဗိုလ်ချုပ််ဟောင်း လက်ရှိ သမ္မတ ဦးသိန်းစိန် မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခွင့်ရခဲ့တုန်းက ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တကယ်ပဲ လေးလေးနက်နက် လုပ်ဆောင်လိုတဲ့ ဆန္ဒမျိုးကို သူ့မျက်နှာမှာ တွေ့ခဲ့ရပါသလား ဆိုတဲ့ မေးခွန်းကိုတော့ မစ္စစ် ကလင်တန်က ကျမက လူကို ကြည့်ပြီး ထင်ကြေး မပေးတတ်ပါဘူး။ လုပ်ရပ်ကို ကြည့်ပြီးသာ ဆုံးဖြတ် လေ့ရှိပါတယ်။ ဦးသိန်းစိန်ဆီကရော၊ အစိုးရ ခေါင်းဆောင် ပိုင်းတွေဆီကပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ် ဆိုတဲ့ ကတိတွေကို ကြားခဲ့ရပါတယ်။ဒါဟာ အရေးပါတဲ့ ပထမအဆင့် ခြေလှမ်းပါ။ ဒီနေရာမှာတင် ရပ်သွားလို့ မရပါဘူး။ဒီမိုကရေစီ ရှေ့ရှုတဲ့ အရှိန်အဟုန်တွေ ရလာအောင် နောက်ထပ် လေးနက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ပြဖို့ လိုပါတယ်။ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ စကားပြောကြည့်တဲ့အခါ ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လောက် အတိုင်းအတာအထိ လုပ်သင့်သလဲ၊ ဘယ်လောက် မြန်မြန် လုပ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့တွင်းမှာ တင်းမာမှုတွေ ရှိလာနိုင်တယ် ဆိုတာကို သူတို့ကိုယ်တိုင် နားလည်သဘောပေါက်ထားကြတယ်ဆိုတာ တွေ့ရပါတယ်။

အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံကို လာတဲ့အတွက် ဦးသိန်းစိန် အစိုးရကို တရားဝင် အသိအမှတ်ပြုတဲ့ အနေအထားမျိုး ရောက်မသွားစေဘူးလား၊ ဒီခရီးစဉ် ပြီးသွားရင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားမှာမျိုးကိုရော မစိုးရိမ် မိဘူးလား ဆိုတဲ့ မေးခွန်းကိုတော့ မစ္စစ်ကလင်တန်က ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကျမ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ အမေရိကန် အစိုးရက အတူ ယှဉ်တွဲ ဆောင်ရွက် သွားနိုင်ဖို့က အရေးကြီးပါတယ်။ အမေရိကန်အစိုးရ ကျင့်သုံးနေတဲ့ မြန်မာအစိုးရနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံရေးမူနဲ့ ပတ်သက်လို့ လူမှု အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေရော၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အကျဉ်းထောင်က မကြာသေးခင်က လွတ်လာသူတွေကပါ ကျေနပ်အားရတယ်လို့ ပြောကြပါတယ်။ လောလောဆယ်မှာ အမေရိကန် အစိုးရဘက်ကတော့ ရေရှည်ကာလအတွက် လိုက်လျော ကတိပေးတာမျိုး တွေ မလုပ်သေးပါဘူး။