လူမှု အဖွဲ့တွေက ပုဂ္ဂိုလ်တွေကို ကလင်တန်တွေ့

  • 3 ဒီဇင်ဘာ 2011
clinton ဓာတ်ပုံ မူပိုင် AFP
Image caption ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ လူမှုရေး၊ ဘာသာရေးနဲ့ စာပေ အသိုင်း အဝိုင်းက ပုဂ္ဂိုလ်တွေကို ရန်ကုန်က အမေရိကန် သံရုံးမှာ မနေ့ နေ့လည်ပိုင်းက လက်ခံ တွေ့ဆုံ ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ခဲ့သူတွေထဲမှာ ၈၈ ကျောင်းသား အသိုင်း အဝိုင်း၊ စာပေ အသိုင်း အဝိုင်း၊ လူမှုရေး၊ ဘာသာရေး အသိုင်း အဝိုင်းက လူတွေ ပါဝင်ပြီး ရွှေညဝါ ဆရာတော်၊ ဇာဂနာ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်တို့ ဖြစ်ပြီး စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ၊ မြန်မာ အီးဂရက်စ် အဖွဲ့က ဒေါက်တာ နေ ဝင်းမောင်တို့ ပါဝင် ပါတယ်။

ရွှေညဝါ ဆရာတော်ကစစ်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းအောင် လုပ်ဖို့၊ အုပ်ချုပ်ရေးပိုင်းက အောက်ခြေ အဆင့် အစိုးရပိုင်း ပြောင်းလဲဖို့နဲ့ လူမှုရေး အကူ အညီတွေ ပေးဖို့ တိုက်တွန်း ပြောကြား ခဲ့တယ်လို့ ဘီဘီစိကို ပြန်မိန့်ပါတယ်။

စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ ကတော့ စာပေနဲ့ ပတ်သက်တာ သတင်း ထောက်တွေ အဖမ်း ခံထားရသူတွေ ပြန်လွတ် လာအောင် လုပ်ဆောင် ပေးဖို့ တိုက်တွန်း ပြောဆို ခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

အားလုံးက စစ်ပွဲတွေ ချုပ်ငြိမ်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာဖို့ အတွက် အမေရိကန်က ကူညီ လုပ်ဆောင် ပေးသွားဖို့ တိုက်တွန်းတဲ့ အပြင် စီးပွားရေး ကျန်းမာရေး ပညာရေး အကူ အညီတွေ ပေးဖို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရ အနေနဲ့က မြန်မာ အစိုးရရဲ့ နိုင်ငံရေး ပြောင်းလဲမှု တိုးတက် လာတာနဲ့ အမျှ အကူ အညီ ပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ဖြေကြား ခဲ့တယ်လို့ ကာယကံရှင်တွေက ဘီဘီစီကို ပြောပြပါတယ်။