KNU နဲ့ အစိုးရ တိုက်ပွဲဖြစ် အသေ အပျောက်ရှိ

  • 3 ဒီဇင်ဘာ 2011
knu
Image caption အစိုးရနဲ့ ကေအင်ယူတို့ အပစ်ရပ်ရေး ဆွေးနွေးနေစဉ်

ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရတို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေး နေကြတုန်း မနေ့က သောကြာ နေ့မနက်ပိုင်းမှာ နှစ်ဘက် တပ်တွေ တိုက်ပွဲ ဖြစ်ပြီး အစိုးရ စစ်ဖက်က အသေအပျောက် တွေ ရှိတယ်လို့ သတင်း ရရှိပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာဟာ မြဝတီမြို့ တောင်ဖက် မိုင် ၁၀၀ ကျော် လောက်မှာ ရှိတဲ့ မဲဆောက် တောင်ဘက်က အုန်းဖန်မြို့နဲ့ မျက်နှာချင်းဆိုင် လောက်နားက စခန်းသစ် ဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်။

အစိုးရ စစ်တပ်က တပ်ရင်း ၃၇၃ စစ်ကြောင်းနဲ့ ကေအင်ယူ တပ်ရင်း ၁၀၃ တို့ဟာ လက် နက်ကြီး၊ လက်နက်ငယ် တွေနဲ့ မနက် ၈ နာရီ လောက်မှာ အပြင်းအထန် တိုက်ခိုက်ခဲ့ ကြတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာ၀န် ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲမှာ အစိုးရ စစ်တပ်က ရှေ့ထွက် မိုင်းထိလို့ အသေ အပျောက်တွေ ရှိတယ်လို့ ထိုင်း အရာရှိတွေက ပြောပေမယ့် လောလောဆယ် သီးခြား အတည် ပြုချက်တော့ မရသေးပါဘူး။

အခုလို တိုက်ပွဲဖြစ်ချိန်မှာ ကေအင်ယူနဲ့ နေပြည်တော် အစိုးရတို့ ငြိမ်းချမ်းရေး အတွက် ပဏာမ တွေ့ဆုံ ဆွေးနွေးနေချိန် ဖြစ်ပါတယ်။

ကေအင်ယူရဲ့ ဒုတိယ ဥက္ကဌ ဗဒို စောဒေဗစ် တာကပေါ ကတော့ အောက်ပါ အတိုင်းပြော ပါတယ်။

(တိုက်ပွဲတွေက မရပ်ဘူးလေ။ သူတို့ကလည်း စစ်သားတွေ တိုးလာတာပေါ့။ ရိက္ခာတွေလည်း တိုးပို့လာတာတွေ ရှိတယ်။ အပစ် အခတ် ရပ်စဲရေးလည်း ကျွန်တော် တို့က တပြည်လုံး အတိုင်း အတာနဲ့ လုပ်ပါ၊ အဲလိုပြောတယ်။ သူတို့ကလည်း၊ စဉ်းစား နေတယ်လား မသိ ပါဘူး။ အဲတော့ တိုက်ပွဲတွေ ကတော့ ဖြစ်နေမှာဘဲ။)

အခု တိုက်ပွဲဖြစ်တဲ့ ဒေသမှာ ခဲ၊သတ္တုမိုင်းတွေ ပေါများပြီး ကေအင်ယူနဲ့ အစိုးရ ကြားမှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေတဲ့ တချိန်ထဲမှာ အစိုးရ စစ်တပ်ဘက်ကလည်း အဲဒီ ဒေသဖက်ကို စစ်အင်အား တိုးချဲ့ လာတာ ရှိတယ်လို့ ကေအင်ယူက ပြောပါတယ်။

ဒါကြောင့် နယ်မြေ အရှုံး မခံနိုင်တဲ့ ဒေသခံ ကေအင်ယူ တပ်တွေနဲ့ နယ်မြေ တိုးချဲ့တဲ့ အစိုးရ စစ်တပ် ကြားမှာ တိုက်ခိုက် ကြတာ ဖြစ်နိုင်တယ်လို့ နယ်စပ်က အကဲခတ်တွေကပြော ပါတယ်။