ကမ္ဘာ့ထိပ်တန်း အမျိုးသမီး၂ဦး ရန်ကုန်မှာ ညစာအတူစား

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး နှစ်ယောက် ညစာ အတူစားကြပြီ

နှစ်ပေါင်း ၅၆နှစ် အတွင်း အမေရိကန် အဆင့်မြင့် အရာရှိ တယောက်ရဲ့ ပထမဆုံး သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ကြာသပတေးနေ့ညနေက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

သူတို့ နှစ်ယောက်ဟာ သီးသန့် အတူတကွ ညစာ စားသောက်ခဲ့ကြပြီး ဒီနေ့ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ တရားဝင် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းမှာ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေနဲ့ တွေ့မယ်လို့လည်း သိရပါတယ်။

မစ္စက် ကလင်တန်က သမ္မတ ဦးသိန်းစိန်နဲ့လည်း အစောပိုင်းတုန်းက တွေ့ဆုံခဲ့ပြီး ရင်းနှီးပွင့်လင်းကာ အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာမစားခင် မစ္စစ်ကလင်တန်ဟာ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပါတယ်။

စစ်တပ်က ကျောထောက် နောက်ခံပေးထားတဲ့ လက်ရှိ မြန်မာ အစိုးရက လတ်တလော လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး ဆောင်ရွက်သွားမယ် ဆိုရင် သံတမန် ဆက်ဆံရေး တိုးမြှင့်ဖို့ အမေရိကန် ဖက်က ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။