မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ်

  • 3 ဒီဇင်ဘာ 2011
Image caption ဒီဇင်ဘာ ၅ ရက် ထိုင်းဘုရင့် မွေးနေ့မှာ ပြန်ဖွင့်ပေးဖို့ မြန်မာဘက်က သဘောတူ

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီး လမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာလ ၅ ရက် နေ့မှာ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။

၁၇ လကြာ ပိတ်ထားခဲ့တဲ့ ဒီတံတား ပြန်ဖွင့်ရေး အတွက် ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို သွားရောက်ညှိနှိုင်းပြီး၊ အခုလို သဘောတူညီ ချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းဘုရင့် မွေးနေ့ကျရောက်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ တံတားကို ပြန်ဖွင့်ပေးဖို့ မြန်မာ ဘက်က သဘောတူလိုက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ထောင်ကျခံနေ ရတဲ့ ထိုင်းလူမျိုး ၈ ဦးကိုလည်း ၈၄ နှစ်မြောက် ထိုင်းဘုရင်မွေးနေ့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် မြန်မာ အစိုးရက မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှာ ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်လှစ်တဲ့အခါ အခမ်းအနားတွေ လုပ်မှာ မဟုတ်ဘဲ၊ နှစ်ဘက် နယ်ခြားကော်မီတီဥက္ကဌတွေ တံတားအလယ်မှာ တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ပြီး ဖွင့်ပေးမှာ ဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို တံတားပြန်ဖွင့်တဲ့အတွက် အဓိက အကျိုးရှိမယ့်သူတွေထဲမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကုန်သည်တွေ ဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၇ လက ချစ်ကြည်ရေး တံတားအနီးမှာ ထိုင်းဘက်က မြေဖို့တယ်ဆိုပြီး မြန်မာ ဘက်က တံတားကို စပိတ်ထားခဲ့တာ ဖြစ်ပါတယ်။