ပြည်ထောင်စုတပ်မတော်ဖွဲ့ဖို့ အဆင်သင့်ဖြစ်

  • 4 ဒီဇင်ဘာ 2011

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဟာ သူတို့ အဖွဲ့ထဲ မှာပါတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ စုပေါင်းပြီး ပြည်ထောင်စု တပ်မတော် တခုကို စပြီးတော့ အကောင်အထည် ဖော်ဖို့အတွက် သဘောတူ ဆုံးဖြတ် လိုက်ပြီလို့ သိရပါတယ်။

ဒီအစီအစဉ်အရ UNFC ထဲမှာပါတဲ့ တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပေါင်းပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဆိုတာမျိုး ကိုဖွဲ့မယ်။ ပြီးရင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ကိုလဲ ပူးပေါင်း ဖွဲ့စည်းပြီးတော့ စစ်ဦးစီး ချုပ်တွေ ခန့်အပ်မယ် ဆိုပြီးတော့ အဖွဲ့ရဲ့ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

Image caption ကေအင်ယူက စော ဒေးဗစ် သာကပေါက ဦးဆောင်ဖို့ရှိ

''ဖက်ဒရယ် ပြည်ထောင်စု တပ်ဖွဲ့ဖို့ အဆင့် ၅ ဆင့် စီမံချက်ကို ယာယီအားဖြင့် အတည်ပြုပြီး အဲဒီ စီမံချက်အတိုင်း သွားမှာပေါ့'' လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

UNFC ထဲမှာ ဒုတိယ ဥက္ကဌ ၂ ဖြစ်တဲ့ စော ဒေးဗစ် တာကပေါ က ကာကွယ်ရေး ဝန်ကြီးဌာနကို ဦးဆောင်မယ်၊ သူ့အောက်မှာမှ စစ်ဦးစီးချုပ် အဖွဲ့ရှိမယ်လို့ သူက ဆိုပါတယ်။

အဲဒီအကောင်အထည်ဖို့ဆိုတာကို ပြီးခဲ့တဲ့လ နို၀င်ဘာလ ၂၇ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဘာကြောင့် အခုချိန်မှာ ဖွဲ့ဖို့ ဖြစ်လာသလဲ၊ ဘယ်လိုပုံစံ ပူးပေါင်း ဖွဲ့စည်းကြမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖွဲ့စည်းမှုတွေကို ဒီဇင်ဘာ လလယ်လောက်မှာ စပြီးအကောင် အထည် ဖော်ဖို့ဆိုပြီး မျှော်မှန်းနေကြတယ်လို့ သိရပါတယ်။

မြန်မာ အစိုးရ ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တဖွဲ့ချင်းစီ တွေ့ဆုံ ဆွေးနွေးနေပြီး တဖွဲ့ချင်းအလိုက် အပစ် အခတ် ရပ်စဲနိုင်ဖို့ ဆက်လက် ဆွေးနွေးနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ UNFC အနေနဲ့ ကတော့ တိုင်းရင်းသား အဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ ကြိုးစား နေကြပါတယ်။