ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာခရီးစဉ်

  • 5 ဒီဇင်ဘာ 2011
sheikh-_hasina
Image caption ဝန်ကြီးချုပ် ရှိတ်ဟာစီနာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဝါဂျစ် ဟာ ကနေ့ နေ့လယ်မှာ မြန်မာနိုင်ငံ နေပြည်တော် ဆီ သွားပြီး သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ အဓိက ရည်ရွယ်ချက် ထဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကားလမ်း တိုက်ရိုက် ဖေါက်လုပ်ရေး၊ ကုန်သွယ် စီးပွား ကိစ္စ တွေပါဝင် ပါတယ်။

အထူးသဖြင့် နှစ်နိုင်ငံ ပင်လယ်ပြင် လောင်စာ ဓါတ်ငွေ့ တူးဖေါ်ရေး၊ မြန်မာ ဘက်က လောင်စာ တင်သွင်းရေး နဲ့ ရေအား လျှပ်စစ် လည်း ရယူလိုပုံ ဘီဘီစီ သတင်းထောက် ဦးခိုင်မြတ်ကျော် က ပြောပါတယ်။

နှစ်နိုင်ငံ ကြား ဖြစ်ပွားတဲ့ ပြဿနာ ထဲမှာ နယ်နိမိတ် အရေး၊ ဘင်္ဂလားဒေ့ရှ် ဘက် ကို ရောက်နေတဲ့ ဒုက္ခသည် ပြဿနာ၊ နယ်စပ် ဖြတ်ကျော် မူးယစ်ဆေး မှောင်ခိုမှု၊ နယ်စပ် လုံခြုံရေး ကိစ္စရပ် တွေပါ ပါဝင်နေလို့ ဒီအချက်တွေ လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ရေပြင် ပိုင်နက် အငြင်းပွားမှု ကိုလည်း လာမယ့် နှစ် မတ်လ မှာ ကုလသမဂ္ဂ ရှေ့မှောက် အပြန်အလှန် ဆွေးနွေးကြရ ဦးမှာပါ။ အခု ခရီးစဉ် အတွင်းမှာ လည်း ဒီ အရေး ကြိုတင် ညှိနှိုင်း ကြဖွယ် ရှိပါတယ်။

နေပြည်တော်မှာ လည်း ဘင်္ဂလားဒေ့ရှ် သံရုံး အသစ် ဆောက်လုပ်ရေး အတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က အုတ်မြစ်ချ မယ်လို့လည်း သိရပါတယ်။