ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်ဖို့ ဒေါ်စု ဆန္ဒရှိ

  • 5 ဒီဇင်ဘာ 2011
အဖွဲ့ချုပ်အစည်းအဝေးမှာ ဒေါ်စုမိန့်ခွန်းပြောနေစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption အဖွဲ့ချုပ်အစည်းအဝေးမှာ ဒေါ်စုမိန့်ခွန်း ပြောနေစဉ်

လာမယ့်လတွေအတွင်း ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လစ်လပ် နေတဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာကို စိတ်ဝင်စားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ချမ်းသာပြည့်စုံတဲ့ နေရာအစား၊ ချို့တဲ့တဲ့ မြို့နယ်လည်းဖြစ် လမ်းပန်း ဆက်သွယ်ရေးအရ ရန်ကုန်နဲ့ အသွားအလာ အဆင်ပြေလို့ အခုလို စိတ်ဝင်စားတာလို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ဖို့ ၉၀ရွေးကောက်ပွဲမှာ ပယ်ချခံရလို့ ဥပဒေအရ ကန့်သတ် ချက်တွေရှိနိုင်သလား ဆိုတဲ့ အပေါ် အဲဒီအချိန်က ရန်ကုန်တိုင်း ကော်မရှင်ကပယ်တာ ဥပဒေအရ မဟုတ်တဲ့အတွက် အခုလည်း ဥပဒေအရ ကန့်သတ် ထားတာ မရှိဘူးလို့ သူယူဆကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

အဖွဲ့ချုပ်က ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုကော်မီတီကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့မှာဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်တို့ ပါဝင်ကြပါတယ်။

အခုအခါ ပြည်နယ်တိုင်းတွေက ရွေးကောက်ပွဲ ဝင်မယ့်မြို့တွေမှာ အောင်နိုင်ရေး ကော်မတီ ဖွဲ့ဖို့ စတင် စာရင်းပြုစုနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်တော့ လုပ်မယ်ဆိုတာ တရားဝင်မကြေညာသေးပါဘူး။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသား ခေါင်းဆောင်များ အခြားနိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးခြင်း မရှိသေးတဲ့ အတွက် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ သဘောထား ထုတ်ပြန်သွားပါတယ်။