ခလေး စစ်သား စုဆောင်းမှု ဆက်ရှိနေ

  • 7 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အကြိမ် ၁ဝဝမြောက် ILO ညီလာခံ ဂျီနီဗာမှာ ဆွေးနွေးနေပုံ

မြန်မာ နိုင်ငံမှာ ခလေး စစ်သား ပပျောက်ဖို့ ဥပဒေတွေ ပြဌာန်းပြီး ILO နဲ့ ပေါင်းလုပ် နေတယ်လို့ အစိုးရက ပြောနေပေမယ့် ခလေး စစ်သား ပြဿနာ ဆက်ရှိ နေပါတယ်။

၂၀၀၈ ခုနှစ်က မန္တလေးက အသက် ဆယ့်ခြောက်နှစ် မပြည့်သေးတဲ့ ခလေး တယောက်ကို စစ်တပ်က တပ်ထဲ အတင်း ဆွဲထည့်ပြီး သုံးနှစ် ကြာမှ ဒီခလေးဟာ မိဘနဲ့ အဆက် အသွယ် ပြန်ရခဲ့တာကြောင့် ခလေးကို ပြန်ခေါ်နိုင်ဖို့ မိဘ တွေက ILO အပါအဝင် သက်ဆိုင်ရာ အကူအညီကို ယူဖို့ စီစဉ်နေပါတယ်။

မောင်ရဲမင်းဦးဟာ အသက် ဆယ့်ခြောက်နှစ် မပြည့်ခင်မှာ တရပ်ကွက် ထဲနေ သူငယ်ချင်း စစ်သား တယောက်က အလုပ် ပေးမယ်ဆိုလို့ လိုက်သွား ရာကနေ အိမ်ပြန် ရောက်မလာဘဲ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ် ၅၇၀ ခြေမြန် တပ်ရင်းမှာ တာဝန် ထမ်းနေတာကို မိဘတွေက ခုရက်ပိုင်းမှာ စုံစမ်း သိရှိ ခဲ့ပါတယ်။

သူအိမ်က ပျောက်သွား ကတည်းက မိဘတွေက လိုက်ရှာ ခဲ့ပေမယ့် သတင်း အစအန မရခဲ့ဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူတာဝန် ကျတဲ့ တပ်ရင်းက ဖခင်ရဲ့ မှတ်ပုံတင် မိတ္တူ လှမ်းတောင်းမှ သိရတယ်လို့ မိဘတွေက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က ကာယကံရှင် မောင်ရဲမင်းဦး ကိုယ်တိုင်က တပ်ထဲမှာ မနေချင်ကြောင်း အိမ်ကို ဖုန်းဆက်ပြောလို့ အကြောင်းစုံ သိရတဲ့ အကြောင်း မောင်ရဲမင်းဦးရဲ့ မိခင် ဒေါ်နီနီဆန်း ဘီဘီစီကို ပြောပြပါတယ်။

သူငယ်ချင်းက အလုပ်ပေးမယ် ခေါ်ပြီး စစ်တပ်ကို ရောင်းစားခဲ့ကြောင်း၊ သားနဲ့ စကား ပြောတဲ့အခါ သူက တပ်ထဲမှာ စိတ်ညစ်တယ် ရေတောင် ဝအောင် မသောက် ရဘူး ဆိုပြီး ပြောပြ တယ်လို့ ဆိုခဲ့သလို သူ့ကို အမြန်ဆုံး ပြန်ခေါ်ပေးဖို့ တောင်းပန် တိုးလျှိုးပြောဆိုကြောင်း မိခင်က ဘီဘီစီကို ပြောပြ ပါတယ်။

မောင်ရဲမင်းဦး မိဘရင်ခွင် ပြန်ရောက်ရေး ကလေး စစ်သား ကိစ္စ အကူအညီ ပေးနေတဲ့ မန္တလေးတိုင်းက NLD အဖွဲ့ဝင်တွေက တဆင့် ILO ကို တိုင်ကြား ပေးဖို့ အကူ အညီ တောင်းထား တယ်လို့ ပြောပါတယ်။

ကလေး စစ်သား အရေး အကူ အညီ ပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ဝင် ကိုအေးသိန်းက ဒီကလေး မိဘရင်ခွင် ပြန်ရောက်ရေး ဆောင်ရွှက် နေတယ်လို့ ပြောပါတယ်။

ခလေး စစ်သား အရေး လုပ်ဆောင် နေသူတွေနဲ့ ဥပဒေ ပညာရှင်တွေ ကတော့ ခလေး စစ်သား စုဆောင်းမှု ပပျောက်ရေး အတွက် ခလေး စစ်သား စုဆောင်းသူကို ထိထိ ရောက်ရောက် အရေး ယူနိုင်တဲ့ ဥပဒေမျိုး လွှတ်တော် ကနေ ပြဌာန်း ပေးပြီး အမှန် တကယ် ကျင့်သုံးမယ် ဆိုရင် ပပျောက် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။