NLD က ဂီတပွဲတော်နဲ့ စျေးရောင်းပွဲတော် ကျင်းပမယ်

  • 6 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက် မယ့် အစီအစဉ်လည်း ရှိပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လူငယ် ပညာရေး အဖွဲ့ကနေ ဦးစီးပြီး ပညာရေး ရန်ပုံငွေအတွက် ဂီတပွဲတော်နဲ့ စျေးရောင်းပွဲတော်တစ်ခု ကျင်းပဖို့ စီစဉ် နေပါတယ်။

'' အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စု တိုင်းရင်းသားများ ရန်ပုံငွေ ''လို့အမည်ရတဲ့ ဒီပွဲကို လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေကျရင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်မရတဲ့ လူငယ်တွေ အတွက် တိုးချဲ့ဖွင့်လှစ်မယ့် အခမဲ့ ကျောင်းတွေအတွက် အခုလို ရန်ပုံငွေပွဲ ကျင်းပမှာ ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ဘီဘီစီကို ပြောပါတယ်။

ပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်ကလည်း ဒေါ်အောင်ဆန်း စုကြည် အိမ်မှာ သွားရောက်ပြီး ဂီတအနုပညာသမားတွေ တွေ့ဆုံခဲ့ရာ ကနေ ပညာရေး ရန်ပုံငွေအတွက် ဂီတပွဲကြီး တခုလုပ်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုပွဲမှာ နိုင်ငံသိ ခေတ်ပေါ် တေးဂီတအဖွဲ့တွေနဲ့ ဂီတသမားတွေထဲက ၉၀ ရာခိုင်နှုန်း လောက်ပါဝင် ဖျော်ဖြေကြမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဝင်ကြေးတွေကိုတော့ ကျပ် ၅၀၀၀ ကနေ နှစ်သောင်းထိ အစားစား သတ်မှတ်ထားတယ်လို့ သိရပါတယ်။