ရိုဟင်ဂျာတွေ ကော့သောင်းမှာ ဖမ်းပြီး ထောင်ချ

  • 7 ဒီဇင်ဘာ 2011
Rohinja
Image caption ပင်လယ်ထဲကနေ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာများ

ဘင်္ဂလား မြန်မာ နယ်စပ်ကနေပင်လယ် ဖြတ် ထွက်လာတဲ့ ရိုဟင်ဂျာ ခြောက်ဆယ့် သုံးယောက်ကိုတနင်္သာရီတိုင်းကော့သောင်း မြို့နယ် တရားရုံးက လူဝင်မှု ကြီးကြပ်ရေး ပုဒ်မနဲ့ ထောင်ဒဏ် တနှစ်ခွဲစီ အမိန့် ချမှတ် ခဲ့ပါတယ်။

သူတို့ဟာ မလေးရှား နိုင်ငံမှာ အလုပ် လုပ်ဖို့ လှေနဲ့ ပင်လယ်ဖြတ် ထွက်လာကြတာ ဖြစ်ပြီး ပွဲစားက ကော့သောင်းမြို့ ဆယ်မိုင် ကမ်းစပ်မှာ တင်ထားခဲ့တုန်း မြို့အာဏာ ပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ပထမဆုံး ဖမ်းဆီး ထောင်ချ ခံရသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံက ရေပိုင်နက် ကနေ ပွဲစားကို တသိန်းခွဲကနေ သုံးသိန်းထိ ပေးပြီး ထွက်လာကြတာလို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို ၁၉၄၇ ခုနှစ်က ပြဌာန်း ထားတဲ့ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဌာန်း ချက် အက်အမှတ် (၃၁) ပုဒ်မ ၆ ပုဒ်မခွဲ ၂ အရ ထောင်ဒဏ် တနှစ်နဲ့ ခြောက်လ အမိန့် ချခဲ့တာ ဖြစ်ပါတယ်။

အရင်က ထိုင်းနိုင်ငံဘက်မှာသာ ဖမ်းဆီး ထောင်ချတာမျိုး တွေ့ရပေမယ့် ခုမြန်မာ နိုင်ငံ ဘက်ခြမ်းမှာ ထောင်ချတာ ခုအကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် နေ့မှာလဲ ထိုင်းနိုင်ငံ ချုံဖော်နဲ့ ရနောင်း ခရိုင် ရေပိုင်နက်မှာ ရိုဟင်ဂျာ တရာ့ သုံးဆယ်ကျော်ကို ဖမ်းဆီးပြီး နောက်ပိုင်းမှာ ရေလမ်းက ပြန်လွှတ် ပေးလိုက်တဲ့ အတွက် မလေးရှား ရေပိုင်နက်ထဲ ရောက်သွား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

တချို့ကတော့ ပွဲစားက တဆင့် မလေးရှားထိ ရောက်သွား သူတွေလည်း ရှိပါတယ်။

၁၉၉၉ခု နှစ်က စပြီး ခုလို ပွင့်လင်း ရာသီ ရောက်တိုင်း ရိုဟင်ဂျာတွေဟာ ရာနဲ့ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကို ခိုးဝင် နေကြတာ ဖြစ်ပါတယ်။