NLD ခေါင်းဆောင် တဦး ဖြစ်သူ ဦးလွင် ကွယ်လွန်

  • 8 ဒီဇင်ဘာ 2011
U Lwin
Image caption ဦးလွင် (ရှေ့တန်း ဘယ်အစွန်လူ) ကို စီအာပီပီ အဖွဲ့ဝင်များနဲ့ အတူ တွေ့ရစဉ်

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တယောက်ဖြစ်သူ ဦးလွင်ဟာ မနေ့ည ရှစ်နာရီ လေးဆယ် လောက်က နေအိမ်မှာ လူကြီး ရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဦးလွင်ဟာ အသက် ၈၈ နှစ် ရှိပါတယ်။

ဦးလွင်ဟာ မမာ မကျန်းဖြစ်တာ ကာလအတန် ကြာ ရှိသွားပြီ ဖြစ်ပြီး အောက်တိုဘာလ လောက်ကစပြီး ကျန်းမာရေး သိသိသာသာ ယိုယွင်း လာခဲ့ပါတယ်။

မကွယ်လွန်ခင် ငါးရက်လောက်က စပြီး ကျန်းမာရေး သိသိသာသာ ဆုတ်ယုတ် လာရာမှာ မနေ့ညက သမီးဖြစ်သူရဲ့ လက်ပေါ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သားမက် ဖြစ်သူ ဦးထင်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

ရှစ်ရက်နေ့ နေ့လည် တနာရီမှာ နေအိမ်ကနေ သယ်သွားပြီး ရေဝေး သုသာန်မှာ မီးသဂြိုဟ် မယ်လို့ သတင်း ရရှိပါတယ်။

ဦးလွင်ဟာ သားသမီး နှစ်ယောက် ထွန်းကားပြီး ကွယ်လွန်ချိန်မှာ သမီးကြီးနဲ့ မြေး သုံးယောက် မြစ် တယောက် ကျန်ရစ်ခဲ့ပါတယ်။

ဦးလွင်ဟာ ၈၈ အရေးအခင်း အပြီးမှာ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့မှာ ပထမ ဝင်ရောက် ဆောင်ရွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စဖွဲ့ချိန်ကနေ ကနေ့ထိ ဗဟိုအလုပ်အမှု ဆောင် အဖြစ် အမှုထမ်းခဲ့ အထူးသဖြင့် ဥက္ကဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်း စုကြည်တို့ အကျဉ်း ချခံနေရချိန်မှာ အင်အယ်ဒီ ပါတီကို ဦးဆောင် လမ်းညွှန်မှု ပေးခဲ့ပါတယ်။

ဦးလွင်ဟာ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲ ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း အသက် ဆယ့်ရှစ်နှစ် အရွယ် ကတည်းက ဂျပန်ကို စစ်ပညာသင် သွားရောက် ခဲ့ပါတယ်။

လွတ်လပ်ရေး ရပြီးနောက် တပ်ထဲမှာ အမှတ် ငါး သေနက်ကိုင် တပ်ရင်းမှာဆက်အမှု ထမ်းခဲ့ပြီး တရုတ်ဖြူ စစ်ဆင်ရေးမှာလည်း အဓိက အခန်းက ပါဝင်ခဲ့သူ တယောက် အဖြစ် ထင်ရှားပါတယ်။

သူ့ရဲ့ လုပ်ရည် ကိုင်ရည် နိုင်ငံ ချစ်စိတ်ကို တရုတ်ဖြူ စစ်ဆင်ရေးမှုး ဗိုလ်မှုးချုပ် ကျော်ဇော က ချီးကြူး ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ ဦးလွင်ဟာ အမေရိကန် ဆိုင်ရာ စစ်သံမှုး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

မဆလ အုပ်ချုပ်မှု အတွင်း နိုင်ငံတော် ကောင်စီဝင် ဖြစ်ခဲ့ပြီး စီမံဘဏ္ဍာ ဝန်ကြီးနဲ့ ၁၉၇၄ မှာ ဒုတိယ ဝန်ကြီးချုပ် ရာထူးထိ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အင်အယ်ဒီ ပါတီကို စဖွဲ့စဉ် ကတည်းက ပါဝင်ခဲ့ပြီး ငွေကြေး ကိစ္စတွေကို တိတိ ကျကျ မှန်မှန် ကန်ကန် ကိုင်တွယ် ဆောင်ရွက်တတ်သူ ဖြစ်တယ်လို့လည်း ဒီချုပ် ဥက္ကဌ ဦးတင်ဦး က ပြောပါတယ်။