ဘင်္ဂလား၊ မြန်မာ ဆက်ဆံရေး

  • 7 ဒီဇင်ဘာ 2011
Hasina
Image caption မြန်မာနိုင်ငံသို့ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်

ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အကြံပေး ဦးနေဇင်လတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြားမှာ ပြဿနာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး တိုးတက်လာပြီး စီးပွားရေး ပိတ်ဆို့ အရေးယူတာကို ပြန်ဖွင့်ပေးမယ့် အရိပ်အယောင်တွေ ပေါ်ပေါက်လာတဲ့ အတွက် တခြားနိုင်ငံတွေကလည်း မြန်မာနဲ့ စီးပွားရေး ဆက်သွယ် လုပ်ကိုင်ချင်လာတာလို့ သမ္မတရဲ့ အကြံပေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ်နဲ့ မြန်မာ သမ္မတ ထိပ်သီးခေါင်းဆောင် နှစ်ဦး တွေ့ဆုံကြပေမဲ့ ထူးခြားတဲ့ ရလဒ် ထွက်ပေါ် မလာတာရော ဘာ့ကြောင့်လဲ လို့ ဘီဘီစီက မေးရာမှာတော့ ဆွေးနွေးမှုရဲ့ အစပဲ ရှိသေးတဲ့ အတွက်လို့ ဆိုပါတယ်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်တွေ့ရှိရရင်တော့ ပြန်လက်ခံမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ဝယ်ယူလိုကြောင်း ကမ်းလှမ်းချက်ကိုတော့ မြန်မာဘက်က သဘောမတူခဲ့ပါဘူး။

နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တွေ ဆွေးနွေး ကြရာမှာ ပင်လယ်ရေ ပိုင်နက်ကိစ္စကို ထည့်သွင်း ဆွေးနွေးခြင်းရှိမရှိကိုတော့ မသိရပါဘူး။