မဲခေါင်မြစ်ဝှမ်း လုံခြံရေး အထူးရဲတပ်ဖွဲ့ ဖွဲ့စည်း

  • 9 ဒီဇင်ဘာ 2011
Image caption လေးနိုင်ငံ ပူးတွဲ အထူး ရဲတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်

မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးအတွက် မြစ်တလျှောက် ကင်းလှည့် စောင့်ကြည့်ဖို့၊ မဲခေါင်မြစ်ဝှမ်း လေးနိုင်ငံ ပူးပေါင်းပြီး အထူးရဲတပ်ဖွဲ့ကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှာ ဖွဲ့စည်းလိုက်ပါတယ်။

လော၊ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ ပါဝင်တဲ့ ဒီအထူးရဲတပ်ဖွဲ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။

အခုလို ဖွဲ့စည်းဖို့ ဖြစ်လာရတာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က တရုတ် ကုန်တင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရကာ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရတာက စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မဲခေါင်မြစ်ဝှမ်း ၄ နိုင်ငံဟာ ပူးတွဲ ကင်းလှည့်ဖို့အတွက် အောက်တိုဘာလ နှောင်းပိုင်းမှာ သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကင်းလှည့်တာ အပြင် အထူးရဲတပ်ဖွဲ့ဟာ ကယ်ဆယ်ရေးနဲ့ ကုန်သင်္ဘောတွေနဲ့ ခရီးသည်တင် သင်္ဘောတွေအတွက် တတ်နိုင်သလောက် ကူညီမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။