အစိုးရနဲ့ SSA တို့ အပစ်ရပ်ထားဖို့ ညွှန်ကြားထားကြ

  • 9 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် taifreedom
Image caption အစိုးရနဲ့ RCSS/SSA ပဏာမ သဘောတူညီမှု လက်မှတ်ထိုးခဲ့ကြစဉ်

ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မြန်မာ အစိုးရရဲ့ ရှမ်းပြည်နယ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ နဲ့ပြီးခဲ့တဲ့ ရက်ပိုင်းက ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ သူတို့ရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို ၂ ရက်ကြာကျင်းပခဲ့တာ မနေ့က ဗုဒ္ဒဟူးနေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။

အဲဒီအစည်းအဝေးဟာ ပြီးခဲ့တဲ့ ၂ ရက်နေ့တုန်းက မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ အဓိကရှင်းလင်းတဲ့အစည်းအဝေးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေအရဆိုရင်တော့ တကယ်တမ်းမှာ အပစ်ရပ်တဲ့အဆင့် ၁ ဆင့်သာရှိသေးတယ် ကျန်တဲ့အဆင့်တွေ ဆက်ဆွေးနွေးရအုံးမယ်လို့ RCSS/ SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

ဒီသဘောတူညီချက်ရေးထိုးပြီးတဲ့နောက်ပိုင်း မြန်မာအစိုးရစစ်တပ်ဘက်က ပြီးခဲ့တဲ့ ၆ ရက်နေ့က စပြီး သူတို့တပ်တွေကို အပစ်ခတ်ရပ်စဲထားဖို့ ညွန်ကြားထားသလို RCSS/ SSA ဘက်ကလဲ ညွန်ကြားထားတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဘီဘီစီကို ပြောပါတယ်။

အခုလောလောဆယ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းမကြားရတော့ဘူးလို့ ဆိုပေမဲ့လဲ တကယ်တမ်း တိုက်ပွဲအားလုံး ချက်ချင်းရပ်သွားပြီလို့တော့ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

နောက်ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေး ဘယ်လောက်တည်တံ့နိုင်မလဲဆိုတာဟာ မြန်မာအစိုးရအပေါ်မှာသာ မူတည်တယ်။ တကယ်လို့တိုက်လာရင်တော့ သူတို့ဘက်က တုန့်ပြန်ဖို့ရှိတယ်လို့ သူကပြောတယ်။

ဒါပေမဲ့ မြန်မာအစိုးရဘက်မှာ ပြောင်းလဲချင်စိတ်ရှိတယ်ဆိုတာတွေ့ရတယ်လို့ RCSS ကသုံးသပ်တယ်။ ဒါကြောင့်မို့ သူတို့က ဒီအပစ်အခတ်ရပ်စဲရေး ဆက်လုပ်ရင်းနဲ့ လက်တွေ့ဘယ်လောက်လုပ်နိုင်မလဲဆိုတာကိုလဲ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကပြောခဲ့ပါတယ်။