ကချင်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်နိုင်တယ်လို့ KIOပြော

  • 11 ဒီဇင်ဘာ 2011
Burma Army
Image caption နမ့်ခမ်းဘက်မှာ တပ်တွေတိုးလာတယ်လို့ ပြော

မြန်မာ အစိုးရ တပ်တွေဘက်က အင်အား အလုံးအရင်းနဲ့ တိုးချဲ့ အားဖြည့် လာတာကြောင့် တိုက်ပွဲတွေ အကြီး အကျယ် ပြင်းထန် လာနိုင်တယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ပြောပါတယ်။

မြစ်ကြီးနားကို တပ်တွေ ပုံမှန် ရောက် လာ တာအပြင် ကြာသပတေးနေ့က နမ့်ခမ်းမြို့ကိုလည်း တပ်ရင်း ၈ ရင်း လောက်ဟာ ကားအစီး ၆၀ လောက်နဲ့ ရောက်လာ တယ်လို့ KIO ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာအစိုးရတပ်တွေနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲတွေ လနဲ့ချီ ဖြစ်နေ တာအပြင် နောက်ထပ် ပိုမို ပြင်းထန်လာစရာ ရှိတယ်လို့ သူက ဆိုပါတယ်။

နမ့်ခမ်းဘက်မှာရှိတဲ့ KIA ရဲ့ တပ်မဟာ ၃ နယ်မြေထဲမှာ ပိုမို ပြင်းထန် နိုင်တယ်လို့ ဦးလနန်းက ပြောပါတယ်။

ဒေသတွင်းမှာ ရှိတဲ့ ပြည်သူ့စစ် အဖွဲ့တွေကိုပါ အစိုးရတပ်ဘက်က စစ်ကူခေါ်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပေမယ့် KIO ဘက်ကတော့ ဒါကို အတည် မပြုနိုင်ကြောင်း ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည် တွေကတော့ ဆက်လက်ရှိနေပြီး လတ်တလောမှာ ၃၀၀၀၀ ကျော်လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။