ရုပ်ရှင်ဗီဒီယို ဆင်ဆာ ကန့်သတ်ချက်တချို့ ပယ်ဖျက်လိုက်

  • 11 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ရုပ်ရှင် ဆင်ဆာဘုတ်အဖွဲ့ ဆက်ထားဖို့ လိုတယ်လို့ ဝန်ကြီး ဦးကျော်ဆန်းပြော

မြန်မာနိုင်ငံမှာ ရုပ်ရှင် ဗီဒီယို ဆင်ဆာနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်မူ ၁၀ချက် အနက် ၆ချက်ကို ပယ်ဖျက်ပြီး ၄ချက်ကိုပဲ ဆက်ထားရှိမယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။

ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ စနေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ရုပ်ရှင် ဗီဒီယို ဆင်ဆာမူတွေကို တဆင့်ချင်း လျှော့ပေး သွားမယ်လို့ ပြောသွားပါတယ်။

ဖြေလျှော့ပြီးမှ ပြန်တင်းရပါက မသင့်လျော်တဲ့ အတွက် အခုလို တဆင့်ချင်း ဖြေလျှော့သွားဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မပယ်ဖျက်ပဲ ကျန်တဲ့ ဆင်ဆာ မူ ၄ချက်က နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုတွေ ဖြစ်တယ်လို့ သိရ ပါတယ်။

ရုပ်ရှင် ဆင်ဆာဘုတ်အဖွဲ့ လုံးဝ မရှိသင့်တော့ပဲ လွတ်လွတ်လပ်လပ် ရိုက်ကူးထုတ်လုပ်ခွင့် ပြုပြီး ရုပ်ရှင်လောကသားတွေ၊ အနုပညာရှင်တွေနဲ့ ပြည်သူတွေက ကြည့်ရှု အကဲဖြတ် ထိန်းကျောင်းသွားမယ်လို့ တချို့က ပြောဆိုနေကြကြောင်း၊ ဒါပေမယ့် အဲဒီလို အလေ့အကျင့် ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းမျိုး မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာနိုင်ဖို့ အချိန်များစွာ လေ့ကျင့် တည်ဆောက်ရဦးမှာ ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။

ဒါပေမယ့် ရုပ်ရှင်လောကသား အတော်များများအနေနဲ့ မြန်မာနိုင်ငံမှာ ဆင်ဆာဘုတ်အဖွဲ့ ဆက်ရှိသင့်တယ်လို့ ယူဆထားကြပြီး တင်းကျပ် ကန့်သတ်မှုတွေ များနေတဲ့ အတွက် လျှော့ပေးသင့်တယ်လို့ ယူဆနေကြကြောင်း အဲဒီတွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာ မလိခ စိုးထိုက်အောင် က ဘီဘီစီကို ပြောပါတယ်။

ရုပ်ရှင် အနုပညာသည်တွေအနေနဲ့ အနုပညာ ဖန်တီးရာမှာ တကယ့် ဖြစ်ရပ်မှန်တွေကို မြင်သာအောင် ရိုက်ပြခွင့် ရသင့်ကြောင်း၊ ဒါမှ တကယ် ဖြစ်နေတာကို လူထုရော အစိုးရပါ သိမြင်နိုင်ပြီး Clean Government သန့်ရှင်းသော အစိုးရဖြစ်အောင် ဆောင်ရွက်ရာမှာ အထောက်အကူ ပြုနိုင်မယ်လို့ ယူဆကြောင်း ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ပြောပါတယ်။

တခါ ရှေးဟောင်း အမွေအနှစ် ရုပ်ရှင်ကားတွေ ရိုက်ကူးတဲ့အခါ အခွန်အတုတ် အများကြီး ပေးဆောင်နေရတာကို လျှော့ပေါ့ပေးသင့်ကြောင်းကို အဲဒီ ဆွေးနွေးပွဲမှာ သူတင်ပြခဲ့တယ် လို့လည်း ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ပြောပါတယ်။