လယ်ယာမြေ ဥပဒေအတည်မပြုဖို့ လယ်သမားတွေ တောင်းဆို

  • 12 ဒီဇင်ဘာ 2011
Burmese farmers
Image caption လယ်ယာမြေတွေ ဆုံးရှုံးမှာကို စိုးရိမ်

ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ ကြံ့ခိုင်ရေးပါတီက တင်သွင်းလိုက်တဲ့ ၂၀၁၁ခုနှစ် လယ်ယာမြေ ဥပဒေမူကြမ်းဟာ လယ်ယာမြေ ပိုင်ဆိုင်သူတွေနဲ့ လယ်သမားတွေအတွက် အကျိုးမဖြစ်တဲ့ ဥပဒေဆုပြီး အတည်မပြုဖို့ ပြည်နယ် နဲ့ တိုင်းအသီးသီးက လယ်သမား ၃၀၀၀ကျော် လက်မှတ်ရေးထိုးပြီး သမ္မတဦးသိန်းစိန် ဆီကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကန့်ကွက်စာ ပေးပို့လိုက်ကြပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးဌေးဦး တင်သွင်းထားတဲ့ ဒီ ဥပဒေကို ဇန်နဝါရီလ လွတ်တော်တွေ ပြန်စတဲ့ အခါ အတည်ပြုကြဖို့ ရှိနေပါတယ်။

ဒါကို ဒီမိုကရေစီ မဟာမိတ်ပါတီတွေကလည်း ကန့်ကွက်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

အခုတော့ မကွေးတိုင်း၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့က လယ်သမားတွေ လက်မှတ်ထိုးပြီး သမ္မတထံ ကန့်ကွက်စာပို့ခဲ့တာပါ။

လယ်သမားတွေ နစ်နာတာနဲ့ ပတ်သက်ပြီး လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ကိုမျိုးသန့်က ဥပဒေကြမ်းမှာ ပါတဲ့ လယ်ယာမြေဆိုသည်မှာ နိုင်ငံတော်က အလိုရှိသည့်အတိုင်း အသုံးချနိုင်သည်ဆိုသည့် အချက်ကို ထောက်ပြပြီး ဒီ အချက်ကို အသုံးချလို့ အစိုးရနဲ့ ကုမ္ပဏီကြီးတွေက လယ်သမားတွေရဲ့ လယ်မြေတွေကို လုပ်ချင်တိုင်း လုပ်သွားမှာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။

တတ်သိပညာရှင်တွေကလည်း ဥပဒေရဲ့ အားနည်းချက်တွေကြောင့် လယ်သမားတွေ နစ်နာစရာ ဖြစ်လာမှာကို စိုးရိမ်ရကြောင်း ပြောပါတယ်။ ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းကတော့ ဥပဒေပါ အချက်တွေအရ လယ်ယာမြေတွေကို နိုင်ငံခြားကုမ္ပဏီကြီးတွေကိုလည်း လွှဲပြောင်းဌားရမ်းနိုင်တယ်ဆိုတာဟာ လယ်သမားတွေ လယ် လက်လွတ် ဆုံးရှုံးနိုင်စေနိုင်တဲ့ အကြောင်းပြောပါတယ်။

နောက်ထပ်လဲ ကန့်ကွက်တဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေကို စုဆောင်းနေပြီး လယ်သမားတွေဘက်က ရပ်တည် ဖြေရှင်းနိုင်မဲ့ အဖွဲ့ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်ထားပြီး သမ္မတ အနေနဲ့ လက်ခံ ဖြေရှင်း ပေးမယ်လို့ မျှော်လင့်ကြောင်း လယ်သမားတွေ အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။