မဲခေါင် ဒေသမှာ သက်ရှိ မျိုးစိတ် အသစ် ၂၀၀ ကျော်တွေ့

  • 12 ဒီဇင်ဘာ 2011
New Lizard ဓာတ်ပုံ မူပိုင် WWF
Image caption မေထုံမဲ့ မျိုးပွားနိုင်တဲ့ မဲခေါင်ဒေသ ပတတ်

မဲခေါင်မြစ်ဝှမ်း တလျောက် ဒေသတွေမှာ အရင်က မှတ်တမ်း မတင်ရသေးတဲ့ သက်ရှိ မျိုးစိတ် အသစ်တွေ တွေ့ရှိရပေမဲ့ လက်ရှိ မျိုးစိတ်တချို့ မျိုးတုန်း ပျောက်ကွယ်မယ့် အန္တရာယ်လည်း ရှိနေတယ်လို့ WWF သဘာဝ တောရိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ က ပြောပါတယ်။

မဲခေါင်မြစ်ဝှမ်း ဒေသဲမှာ ဖေါ်ထုတ် တွေ့ခဲ့တဲ့ သက်ရှိသတ္တဝါမျိုးစုသစ်တွေနဲ့ အပင်မျိုးစု သစ်တွေထဲမှာ ကြွက်အကောင်သေးလေးကို စားနိုင်တဲ့ အသားစား အပင်တွေရယ်၊ မေထုန်မဲ့ ပေါက်ဖွားလာတဲ့ ပတတ် တမျိုးရယ်၊ ရောင်စုံခြယ် တောက်တဲ့တမျိုးရယ်၊ နောက်ပြီး ငါးမျိုးစုသစ် ၂၅မျိုးရယ် ပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီ ဖေါ်ထုတ်တွေ့ခဲ့တဲ့ အထဲမှာ အထူးခြား အဆန်းကြယ်ဆုံး သတ္တဝါကတော့ ရေကြောက်ပုံရတဲ့ နှာခေါင်းလန်မျောက်တမျိုး ဖြစ်တယ်လို့ WWF သဘာဝ တောရိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ ပြောခွင့်ရ အမျိုးသမီးSarah Bladen က အခုလို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် WWF
Image caption ကချင်ပြည်နယ်မှာ တွေ့ရတဲ့ မျိုးစိတ်သစ် နှာခေါင်းလန် မျောက်

အဲဒီနှာခေါင်းလန် မျောက်ဟာ အဖြူနဲ့ အမည်းရောင် ရှိပြီး နှာခေါင်းက အပေါ်ကိုလန်နေပါတယ်။

မိုးရွာရင် နှာခေါင်းထဲ ရေဝင်မှာ စိုးလို့ ခေါင်းကို ဒူးထဲ ထည့်ဖွက်ထားလေ့ ရှိတယ်လို့ ဒေသခံတွေက ပြန်ပြောပြကြတယ်လို့ WWF သဘာဝ တောရိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ ပြောခွင့်ရ အမျိုးသမီးSarah Bladen ပြောပါတယ်။

အဲဒီ မျောက်မျိုးကိုတော့ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ထဲက သီးခြားဖြစ်နေတဲ့ တောအုပ်ထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီမဲခေါင်မြစ်ဝှမ်း ဒေသဟာ ဇီဝမျိုးကွဲတွေ စုဝေးတည်ရှိရာ ဘဏ္ဍာသိုက်ကြီးတခုလို့ WWF အဖွဲ့က တင်စားပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း စီးပွားရေး တဟုန်ထိုးတိုးတက်လာနေတဲ့ တောင်အာရှ ဒေသမှာ ကုန်းမြေတွေနဲ့ သယံဇာတပစ္စည်းတွေကို အသုံးချမှုတွေ ပိုများလာနေတာကြောင့် အဲဒီမှာ မှီတင်းနေထိုင်နေတဲ့ သက်ရှိ သတ္တဝါတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ Sarah Bladen က ပြောပါတယ်။

ဒီမဲခေါင်မြစ်ဝှမ်းဒေသမှာ သဘာဝသယံဇာတ ပစ္စည်းတွေ ထူးထူးကဲကဲ ပေါကြွယ်ဝပေမယ့် ဒီသယံဇာတ ပစ္စည်းတွေ အလျင်အမြန် ပျောက်ကွယ် ဆုံးရှုံးနေတဲ့ အန္တရာယ်ကိုလည်း ကြုံနေရတာမို့ ဒါကို ကာကွယ် စောင့်ရှောက်ဖို့ အရေးတကြီး ဆောင်ရွက်ဖို့ လိုနေတယ်လို့ ပြောသွားပါတယ်။

ဒါ့ကြောင့် တိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ရာမှာ သဘာဝ တောရိုင်းတိရိစ္ဆာန်တွေ နဲ့ သယံဇာတ ပစ္စည်းတွေ ကို အဓိက ကာကွယ် စောင့်ရှောက်ကြဖို့နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခုလ ကျင်းပဖို့ စီစဉ်ထားတဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ အစည်းအဝေးမှာ ဆွေးနွေး ကြဖို့ WWF က ပန်ကြားလိုက်ပါတယ်။