ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး နောက်လ မြန်မာပြည်သွားမယ်

  • 13 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိတ်ခ်

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်ဟာ မြန်မာနိုင်ငံကို နောက်လမှာ သွားရောက်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ တွန်းအားပေးဖို့ ရည်ရွယ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဇန္နဝါရီလ အစောပိုင်းမှာ မြန်မာပြည်ကို ကျနော် သွားရောက်မှာပါ ၊ ဒီကိစ္စအပေါ် အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်လက် ဆက်သွယ် ဆောင်ရွက်သွားမှာပါလို့ ဝါရှင်တန်မှာ မစ္စက် ကလင်တန်နဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ မစ္စတာ ဟိတ်ခ်က ဆိုသွားတာ ဖြစ်ပါတယ်။

မစ္စက် ကလင်တန်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ဝ ရက်ကနေ ဒီဇင်ဘာ ၂ရက်နေ့ အထိ သွားရောက်ခဲ့ပြီး အဲဒီ မတိုင်ခင် ဗြိတိန်က နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး အန်ဒရူး မစ်ချဲလ်လည်း နိုဝင်ဘာလလယ်တုန်းက သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘုံရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့် ရှိဘို့နဲ့ ဒီရည်ရွယ်ချက်ကို အထောက်အပံ့ ဖြစ်စေမယ့် အပြုသဘောဆောင်တဲ့ တွေ့ဆုံ ညှိနှိုင်းမှု တွေ ဖြစ်ပေါ်လာဖို့က တကယ့်ကို အရေးကြီးပါတယ်လို့ မစ္စတာ ဟိတ်ခ်က ပြောသွားပါတယ်။