ဒီကေဘီအေနဲ့ ပြည်ထောင်စုအစိုးရ တို့ သဘောတူညီ

  • 13 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး၊ အချက် ၆ ချက်ပါ သဘောတူညီကို လက်မှတ်ရေးထိုး

ဗိုလ်ချုပ်နှုတ်ခမ်းမွှေး လို့ လူသိများတဲ့ စောလာပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ကလိုထူးဘော အဖွဲ့နဲ့ အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် တွေကို ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။

အချက် ၆ ချက်ပါ သဘောတူညီချက်မှာ ဒီကေဘီအေ ကလိုထူးဘောအဖွဲ့ရဲ့ နယ်မြေသတ်မှတ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး အပါအဝင် အရင်ပြည်နယ်ကို ပြည်ထောင်စုထဲက ခွဲမထွက်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး စတဲ့ နိုင်ငံရေးအရ သဘောတူညီချက်တွေပါ ပါဝင်ပါတယ်။

အခုလို ပြည်ထောင်စု အဆင့် သဘောတူချက် လက်မှတ်ရေးထိုးတဲ့ အကြောင်းကို အင်္ဂါနေ့ ထုတ် အစိုးရ သတင်းစာတွေမှာလည်း ဖေါ်ပြထားပါတယ်။

၁၉၉၀ ခုနှစ် နအဖ အစိုးရနဲ့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေတုန်းက နိုင်ငံရေး အရ ဆွေးနွေးမှုမျိုးတွေ မရှိခဲ့ဘဲ၊ အခု ဆွေးနွေးမှုကတော့ အပစ်အခတ် ရပ်စဲရေး တင် မဟုတ်ဘဲ နိုင်ငံရေးအရ အဖြေရှာဖို့ပါ ပါတဲ့အတွက် ထူးခြားမှု ရှိတယ်လို့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။