ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

  • 13 ဒီဇင်ဘာ 2011
kachin refugees
Image caption မိုင်ဂျားယံ တဝိုက်မှာ ဒုက္ခသည် တသောင်း ဝန်းကျင် လောက်ထိ ရှိတယ်လို့ ဒေသခံ တယောက်ပြော

သမ္မတ ဦးသိန်းစိန်က ကေအိုင်အေကို တိုက်နေတဲ့ ထိုးစစ်တွေ ရပ်ဖို့ စစ်တပ်ကို ပြောထားပေမယ့် အပြန် အလှန်ပစ်ခတ် မှုတွေ ဆက်ဖြစ်နေတဲ့ သတင်းတွေ ကချင် ပြည်နယ်ကနေ ရရှိပါတယ်။

မနေ့က အင်္ဂါနေ့ထိ အပြန် အလှန် တိုက်ခိုက် မှုတွေ ဆက်ရှိနေပါတယ်။

အစိုးရ စစ်တပ်က စစ်ရဟတ်ယာဉ်တွေဟာ တိုက်ပွဲ ဖြစ်ရာ နယ်မြေတွေထဲထိ ဝင်ရောက်ပြီး တကြိမ်မှာ မိုင်ဂျာယန်နဲ့ တဆက်ထဲ ဖြစ်တဲ့ နဂါဘွန် တောင်ကြောတွေ ဘက်ဆီကို ပျံသန်းသွားချိန်မှာ မြေပြင်က ပေါက်ကွဲသံတွေ ကြားရတဲ့ အတွက် ဒေသခံတွေ အလန့် တကြား ထွက်ပြေးခဲ့ကြတယ်လို့ မိုင်ဂျာယံ ဒေသခံ တယောက်က ဘီဘီစီကို ပြောပြပါတယ်။

ရဟတ်ယာဉ်တွေ တောင်ကြောထဲ ဝင်သွားတာကို ကိုယ်တိုင် တွေ့ခဲ့ရသူ တယောက်က ဘီဘီစီကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုင်ဂျာယံဘက်မှာ အမြှောက်သံ နေ့တိုင်း ကြားနေရတာ သီတင်း တပတ်ရှိသွား ပြီလို့လည်း သူက ဆက်ပြောပါတယ်။

ရဟတ်ယာဉ်တွေဟာ ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁၅ ခွင်ထဲက လွယ်ရင်းစခန်း ဘက်ကို ပျံသန်း ခဲ့တာလို့ ကေအိုင်အေ ရှေ့တန်း စစ်ဘက် သတင်း ရပ်ကွက်က ပြောပါတယ်။

ကချင် စစ်ပြေး ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ ကုလသမဂ္ဂ အပါအဝင် ပုဂ္ဂလိက အဖွဲ့ အစည်းတွေ၊ စေတနာရှင်တွေက စတင် လုပ်ဆောင်မှုတွေ ရှိနေပေမယ့် မိုင်ဂျာယံဘက် မှာတော့ ဒုက္ခသည်တွေ အခြေအနေက စိုးရိမ် ရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

မိုင်ဂျာယံ အနီး တဝိုက်မှာ ဒုက္ခသည် တသောင်းကျော်လောက် ရှိပြီလို့ ဒေသခံက ခန့်မှန်း ပြောဆိုပါတယ်။

ဒုက္ခသည်တွေဟာ တရုတ်နယ်စပ် မြန်မာ နိုင်ငံဘက်ခြမ်းမှာ နေနေကြရပြီး ဝမ်းလျှော ရောဂါတွေ ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်။

ဆောင်းဝင်လာချိန်မှာ ဒုက္ခသည်တွေဟာ အမိုးအကာ မရှိတဲ့ နေရာတွေမှာ မြေကြီးပေါ်ပဲ ဖြစ်သလို အိပ်နေရတယ်လို့ မိုင်ဂျားယံ ဒေသခံက ဘီဘီစီကို ပြောပြခဲ့ပါတယ်။