NLD ပါတီတံဆိပ် နဲ့ သင်္ကေတ

  • 13 ဒီဇင်ဘာ 2011
nld_logo
Image caption NLD ပါတီတံဆိပ် နဲ့ သင်္ကေတ

မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီကြီး တခု ဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင် ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်းမှာ၊ ပါတီရဲ့ အမှတ်တံဆိပ် ကိုပါ ပြောင်းလဲ သတ်မှတ်လိုက် ပါတယ်။

၁၉၈၈ ခု ပါတီ ထူထောင်ခဲ့စဉ် က ပါတီအလံတော်၊ ပါတီတံဆိပ် တို့ကို အသုံးပြုခဲ့ သော်လည်း၊ ပါတီ သင်္ကေတ မထားခဲ့ပါ။ ၁၉၉ဝ ရွေးကောက်ပွဲ ဝင်စဉ်က ခမောက် ကို အသုံးပြု ယှဉ်ပြိုင်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ မှာ မဝင်တော့ပါ။ ဒါပေမယ့် အခြား နိုင်ငံရေးပါတီ က ခမောက် ကို သုံးလို့ NLD က ရွေးကောက်ပွဲ ကော်မရှင် ကို ကန့်ကွက် ပေမယ့်၊ အသိအမှတ် မပြုခဲ့ကြောင်း ဗဟိုဦးဆောင် ကော်မတီဝင် ဦးဝင်းထိန် က ဘီဘီစီ ကို ရှင်းပြပါတယ်။

နောက်လာမယ့် ရွေးကောက်ပွဲ တွေ မှာ မဲဆန္ဒရှင် ပြည်သူတွေ ထင်ယောင် ထင်မှား ဖြစ်မှာစိုးတဲ့ အတွက် ခမောက်ကို မသုံးတော့ပဲ၊ ပါတီ ရဲ့ အလံ အနီရောင် အောက်ခံ၊ ကြယ်ဖြူ နဲ့ ခွပ်ဒေါင်း ကိုပဲ သုံးမယ် လို့ ဆိုပါတယ်။

နိုင်ငံပိုင် ကြေးမုံသတင်းစာ မှာလည်း ခမောက်သုံးလုံး နဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် ပေါ်လာပုံ၊ ဒီခမောက်ဟာ NLD နဲ့ လုံးဝ မသက်ဆိုင်ကြောင်း လည်း ကော်မရှင် ကိုတင်ပြ ထားလို့ ဒီသတင်းဖေါ်ပြချက် အရ ပါတီ ကို မှတ်ပုံတင်ရာမှာ လည်း ရှောရှောရှူရှူ ဖြစ်နိုင်ကြောင်း ဦးဝင်းထိန် က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မှာ ဒီတံဆိပ်ကိုပဲ သုံးမယ့် အကြောင်းလည်း အများပြည်သူ သိအောင် ကြေညာရခြင်း ဖြစ်ကြောင်း လည်း သိရပါတယ်။