ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ တွေ ကို ဘယ်သူက ဦးဆောင်တာလဲ

  • 15 ဒီဇင်ဘာ 2011
Karen refugee ဓာတ်ပုံ မူပိုင် others
Image caption စစ်ပွဲ တွေကြောင့် ထွက်ပြေးနေရတဲ့ ကရင် ဒုက္ခသည် တွေ

လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဖွဲ့စည်းလိုက်ပါတယ်။

တခါ တောင်သာ လွှတ်တော် အမတ် ဦးအောင်သောင်း ခေါင်းဆောင် တယ် ဆိုတဲ့ ငြိမ်းချမ်းရေး အတွက် လိုက်လံ ဆွေးနွေး နေတဲ့ အဖွဲ့ က လည်းရှိနေတော့ အစိုးရ က ငြိမ်းချမ်းရေး အဖွဲ့ တွေကို ဘယ်လို တာဝန် ပေးထားလို့ ဒီလို အဖွဲ့တွေ ကွဲနေသလဲ ဆိုတဲ့ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေ ပါတယ်။

အစိုးရက တာဝန်ရှိသူ တဦးရဲ့ ပြောပြချက် နဲ့ ဘီဘီစီ က လက်ခံရရှိ တဲ့ အစိုးရ အမိန့်စာ အရ ရှင်းပြရမယ် ဆိုရင်တော့ အစိုးရဖွဲ့ ပြီးတဲ့နောက် တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ အစိုးရ က အပူတပြင်း လုပ်ဆောင်ခဲ့စဉ်မှာ ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့ကို အရင်ဖွဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ ဆွေးနွေး စေခဲ့ ပါတယ်။

ကေအိုင်အို ကချင်အဖွဲ့နဲ့ စတင်ပြီး ဒီအဖွဲ့ ဆွေးနွေးတော့၊ ဦးအောင်သောင်း တို့အဖွဲ့ဟာ အစိုးရ မဟုတ်ဘဲ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က လွှတ်တော် အမတ်တွေသာ ဖြစ်နေတယ်၊ နိုင်ငံတော် အဆင့် မဟုတ်ဘူး ဆိုပြီး အစိုးရ အဝန်းအဝိုင်း အကြား ဝေဖန် သံ တွေ ထွက်လာ ခဲ့ ပါတယ်။

အဲ့ဒီ အခါ ရထားဝန်ကြီး ဦးအောင်မင်း ကို အစိုးရပိုင်းက တာဝန်ရှိသူ တစ်ဦးအနေ နဲ့ သမ္မတရဲ့ အထူးတာဝန်ပေးချက် အရ ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယ အပတ် က ထိုင်း နိုင်ငံ တနေရာမှာ ကေအဲန်ယူ အပါအဝင် တိုင်းရင်းသား ၅ ဖွဲ့ နဲ့ တွေ့ဆုံ ဆွေးနွေး စေခဲ့ ပါတယ်။

ဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ၂ ဖွဲ့ဖြစ်နေလား ဆိုပြီး သို့လော သို့လော နဲ့ ပြောနေ ကြတာဖြစ်ပါတယ်။

အခုတော့ ဒီဇင်ဘာလ ၉ ရက် နေ့စွဲ နဲ့ သမ္မတရုံးက ထုတ်ပြန်စာအရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့မှာ ဦးအောင်မင်း ကို ခေါင်းဆောင် အဖြစ် တာဝန် ပေးထားပြီး အဖွဲ့ထဲမှာ ဝန်ကြီး က ၇ ဦး၊ ဒုဝန်ကြီး ၁ ဦး နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်မှူးကြီး ၁ ဦး တို့ ပါဝင်တဲ့ ပုဂ္ဂိုလ် ၉ ဦး နဲ့ ဖွဲ့စည်း လိုက် ပါတယ်။

ဦးအောင်သောင်း ခေါင်းဆောင် အဖြစ် တာဝန်ယူထားပြီး ဦးအောင်မင်းက ဒုခေါင်းဆောင် အဖြစ် ရှိနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ကတော့ ကေအိုင်အို ကချင်အဖွဲ့ တစ်ဖွဲ့ တည်း နဲ့ ဆွေးနွေးရမယ့် အဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တိုင်း နဲ့ ဆွေးနွေး မယ့် အဖွဲ့ လို့ အစိုးရ နဲ့ နီးစပ်တဲ့ အဝန်းအဝိုင်း က သိရ ပါတယ်။