အီးယူအကြံပေး မြန်မာအခြေအနေကို သုံးသပ်မယ်

  • 16 ဒီဇင်ဘာ 2011
Robert Cooper ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ရောဘတ် ကူးပါး

အီးယူ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ် ကူးပါးဟာ အခု ရက်သတ္တပတ် စောစောပိုင်းကတည်းက စတင်ပြီး မြန်မာ နိုင်ငံမှာရောက် ရှိနေပါတယ်။

သူဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အစိုးရဝန်ကြီး အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ခရီးစဉ် မပြီးဆုံးခင်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံ လိမ့်မယ်လို့ မျှော်လင့်ရ ကြောင်း မစ္စ အက်ရှ်တန်ရဲ့ ပြောခွင့်ရသူ မာယာ ကော်စီယံ ချစ်က ပြောပါတယ်။

''ကျွန်မတို့ဟာ မြန်မာနိုင်ငံ အပေါ်ထားတဲ့ မူဝါဒတွေကို ပြန်ပြီး သုံးသပ် နေပါတယ်။ အရင်တုန်းက ဆိုရင် မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ဧပြီလလောက်မှာ ပြန်ပြီး သုံးသပ်တာတွေ လုပ်နေကျပါ။ ဒါပေမယ့် မကြာသေးခင် လတွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲတွေ အပေါ် မူတည်ပြီး အခုလို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့ တာပါ'' လို့ မစ္စ ကော်စီယံ ချစ်က ဘီဘီစီကို ပြောပါတယ်။

ရှေ့နှစ်ဆန်းပိုင်း အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာအပေါ် ထားတဲ့ မူဝါဒတွေကို သုံးသပ်တဲ့အခါ မစ္စတာ ရောဘတ် ကူးပါး ရဲ့ခရီးစဉ် တွေ့ရှိချက်တွေကို လည်း ထည့်သွင်း စဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတဲ့အတွက် အဲဒီ ပိတ်ဆို့မှု တွေကိုလည်း ပြန်ပြီး သုံးသပ်ကြဖို့ ရှိတယ်လို့ သူက ပြောပါတယ်။