မုန်တိုင်းကိုဆန်ပြီး ပင်လယ်ကိုဖြတ်သူ၊ ထောင်ဒဏ် ၁၇ နှစ်ကျခံရ

  • 16 ဒီဇင်ဘာ 2011
Image caption ပဒိုမန်းငြိမ်းမောင်ဟာ မိုင် ၂၀၀ ပင်လယ်ခရီး ကို လှေနဲ့ ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်ပါတယ်

ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒို မန်းငြိမ်းမောင်ကို ရန်ကုန် မင်္ဂလာဒုံ တရားရုံးကနေ ထောင်ဒဏ် ၁၇ နှစ် ချမှတ် လိုက်တယ်လို့ ပြည်တွင်း သတင်းရပ်ကွက် တွေရဲ့ အဆိုအရ သိရပါတယ်။

KNU ဗဟိုကော်မတီဝင်ဖြစ်တဲ့ မန်းငြိမ်းမောင် ကို မတရားအသင်း အက်ဥပဒေအရ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဒို မန်းငြိမ်းမောင်ဟာ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို ခရီးသွားရာမှာ၊ တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဟိုးအရင်ကလည်း ကိုကိုးကျွန်းမှာ အကျဉ်းကျခံခဲ့ရဖူးတဲ့ ပဒိုမန်းငြိမ်းမောင်ဟာ အဲဒီတုန်း က မိုင် ၂၀၀ ခရီး ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်ကျော်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ စွန့်စားခဲ့တဲ့ အကြောင်းကို သူကိုယ်တိုင်ရေးသားပြီး ''မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ'' နာမည်နဲ့ စာအုပ်ထုတ်ဝေ ခဲ့ဖူးပါတယ်။