NDF ပါတီ အင်အားလျော့လာပြီလား

  • 16 ဒီဇင်ဘာ 2011
Image caption ဒေါက်တာ မြတ်ဉာဏစိုး နှုတ်ထွက်လိုက်တဲ့ NDF ပါတီ အလံ

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့ အတွက် NDF ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးဒေါက်တာမြတ်ဉာဏစိုးကို ဆက်သွယ်မေးကြည့်တော့ အန်ဒီအက်ဖ် ပါတီနဲ့ ပြဿနာ တစုံတရာ မရှိဘဲ ခွဲထွက်ခဲ့တာပါ။

အန်အယ်ဒီ အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှု မရှိတာကြောင့် အန်ဒီအက်ဖ် ပါတီနဲ့ ပေါင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့တာပါလို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

အခုတော့ အန်အယ်ဒီက ရွေးကောက်ပွဲ ဝင်မှာ ဖြစ်လို့ လာရောက် ပူးပေါင်းတာပါလို့ ဆိုပါတယ်။

အခုလို လုပ်ရတာဟာ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ညီညွတ်စွာ ခေါင်းဆောင်မှု တခုတည်းအောက်မှာ ရှိဖို့ ရည်ရွယ် လုပ်ဆောင်ရတာပါလို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြား ခဲ့ပါတယ်။