၃နှစ်အတွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးစားမယ်

  • 16 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်ဒေသ တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာလာ ကြသူတွေ အများအပြားရှိနေ

မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ သက်တမ်း အတွင်း ငြိမ်းချမ်းရေး ကိစ္စ အပြီးသတ် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမယ် လို့ အစိုးရဗဟို ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း အဲဒီလို ဆန္ဒရှိနေသလို ၃နှစ် အတွင်း တနိုင်ငံလုံး ငြိမ်းချမ်းရေး ရမယ်လို့ သူတို့ကလည်း မျှော်လင့်နေကြောင်း ဗဟို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော် တို့က သတင်းနဲ့ စာနယ်ဇင်း သမားတွေကို တွေ့ဆုံစဉ်မှာ ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းနဲ့ စာနယ်ဇင်း အဖွဲ့က အတွင်းရေးမှူး ဦးကိုကို က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲဖို့ အစိုးရတပ်တွေကို ညွှန်ကြားထားပေမယ့် ခုချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ အဆက်အသွယ် ခက်ခဲမှုကြောင့် အောက်ခြေ တပ်တွေဆီ ညွှန်ကြားချက် မရောက်သေးတဲ့ အတွက် နှစ်ဘက် တပ်ငယ်တွေအကြား နားလည်မှု လွဲပြီး ဆက်တိုက်နေကြတာသာ ဖြစ်တယ်လို့လည်း ဗဟို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဆိုပြီး ၂ဖွဲ့ ဖြစ်နေတဲ့ ကိစ္စအပေါ် သတင်း သမားတွေရဲ့ အမေးနဲ့ ပတ်သက်လို့ ဦးအောင်မင်းဟာ ကရင်ပြည်နယ်ဒေသမှာ အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒေသအကြောင်း နှံ့စပ် ကျွမ်းကျင်သူ ဖြစ်တာကြောင့် တာဝန် ခွဲဝေ ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ၂ဖွဲ့ အကြား ရင်းရင်းနှီးနှီး ညှိနှိုင်း ဆောင်ရွက်နေကြောင်း ဦးအောင်သောင်းက ပြန်လည် ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ အနေအထားနဲ့ အထူးသဖြင့် သတင်းဂျာနယ်တွေရဲ့ အနေအထား သြဇာ လွှမ်းမိုးမှုကို သိနားလည်လာပြီး မီဒီယာကနေတဆင့် ပြောချင်တာကို ပြောနိုင်တဲ့ အတွက် အစိုးရ အဖွဲ့တွေအနေနဲ့ အခုလို သတင်းနဲ့ စာနယ်ဇင်းသမားတွေကို တွေ့ဆုံ ရှင်းလင်းမှုတွေ လုပ်လာတာလို့ ယူဆကြောင်း ဦးကိုကိုက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ငြိမ်းချမ်းရေး ပြဿနာ၊ တိုင်းရင်းသားအရေး ပြဿနာတွေက အတိမ်းအစောင်း မခံတဲ့အတွက် သတင်းဖေါ်ပြခွင့် ရရေးမှာ အတိုင်းအတာ အကန့် အသတ်တွေ ရှိနေဆဲပဲလို့ ဦးကိုကိုက ပြောပါတယ်။