ဆောင်းကာလ ကချင်ဒုက္ခသည် ဘဝ

  • 17 ဒီဇင်ဘာ 2011
_kachin_humanright_namlinpa ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်ဒုက္ခသည် ဆေးကုပေးနေ

ကချင်စစ်ပြေးဒုက္ခသည် တွေ ဟာ ဆောင်းတွင်းကာလ မှာ ရပ်ရွာ စွန့်ခွာ ထွက်ပြေးပုန်းရှောင် နေရတဲ့ အတွက်၊ စားနပ်ရိက္ခာ အပြင်၊ ဆေးဝါး ဆောင်းထည် ပါ အထူးလိုအပ်နေတဲ့ အတွက် ကေအိုင်အို လိုင်ဇာ နယ်မြေ ရှိ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီမှ အခြေခံ လိုအပ်ချက်တွေကို အကူအညီ ပေးနေကြောင်း လိုင်ဇာ ကယ်ဆယ်ရေး ကော်မတီရုံးမှ အဖွဲ့ခေါင်းဆောင် ဦးဒွဲပီဆားက ဘီဘီစီကို ပြောပါတယ်။

တရုတ်နယ်စပ်မှာ ဒုက္ခသည် ၄၁ဝဝ ကျော် ရှိနေပြီး၊ ဝိုင်းမော်မြို့ အရှေ့ပိုင်း စလုန်းတောင်ပေါ်မှာ ဆိုရင်၊ ရာသီဉတု က အေးတဲ့ အပြင်၊ မီးလှုံလို့ မရ၊ ဆောင်းဒဏ်ကို လှိမ့်ခံနေရတဲ့ အထဲ အဓိက ကျတဲ့ စားနပ်ရိက္ခာ၊ ခြုံစရာ စောင်၊ ဝတ်စရာ အနွေးထည်၊ တွေ လိုအပ်နေကြောင်း၊ ပတ်ဝန်းကျင် က ကူညီပေမယ့် ဒုက္ခသည် ဦးရေ တိုးပွားနေဆဲ မို့ မလုံလောက်နိုင်ပုံ ကို ဦးဒွဲပီဆား က ရှင်းပြပါတယ်။

တရုတ်ဖက် လုံးရှန်ခရိုင် မှာ ဒုက္ခသည် ၂ဝဝဝ ကျော် ရှိပေမယ့် တရုတ် က တောထဲ တောင်ထဲမှာ ဝါးသစ် ခုတ်ခွင့် မပေးလို့ တဲ ပင်မထိုးနိုင်၊ သူ့ပိုင်နက်ထဲ မှာ မနေဖို့ ပြောပေမယ့်၊ မောင်းမထုတ်တဲ့ အကြောင်း ဦးဒွဲပီဆားက ပြောပါတယ်။

မြန်မာနိုင်ငံ နာရေးကူညီမှု အသင်း မှ အချိန်ပြည့် အမှုဆောင် ကိုဖြိုး ကလည်း အစိုးရ နယ်မြေ မြစ်ကြီးနား နဲ့ ဝိုင်းမော် ဖက် သွားတဲ့ အတွေ့အကြုံ ကို ပြောရာမှာ မြစ်ကြီးနား မှာ တင် ကချင်ဒုက္ခသည် ဦးရေ ၅ဝဝဝ မှ ၆ဝဝဝ ခန့် ရှိကြောင်း၊ အကူငွေ တွေ ထောက်ပံ့ယင်း လိုအပ်တဲ့ ဆေးဝါး၊ အစားအစာ ဝယ်ယူနိုင်ရန် ပေးအပ်ခဲ့ပုံ၊ ဗန်းမော် မြို့နယ်ဘက်လည်း ထပ်မံ သွားကူဖို့ ရှိတဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

အချိန် ကန့်သတ်မှု ရှိတဲ့ အတွက် ဒုက္ခသည် စခန်းတွေ အားလုံး မရောက်နိုင်ခဲ့ ကြောင်း ဘီဘီစီ ကို ကိုဖြိုးက ရှင်းပြပါတယ်။