''ဦးဝင်းတင်ဖောင်ဒေးရှင်း'' တည်ထောင်

  • 17 ဒီဇင်ဘာ 2011

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားမိသားစုများနဲ့ လွတ်မြောက် ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ သက်သာ ချောင်ချိရေး အတွက် '' ဦးဝင်းတင် ဖေါင်းဒေးရှင်း '' ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

Image caption အယ်ဒီတာဘဝ ကတည်းက၊ ထောင်ကျ သတင်းစာ ဆရာတွေရဲ့ မိသားစုတွေကိုကူညီခဲ့

ဒီဖောင်ဒေးရှင်းကို ယာယီအနေနဲ့ စာရေးဆရာကြီး ဒဂုန်တာရာ၊ ဝါးခယ်မ သခင်သိန်းမောင်၊ ကြေးမုံ ဦးသော်တို့က နာယက အဖြစ်ဆောင်ရွက်နေပါတယ်။

အဖွဲ့ခေါင်းဆောင်ကတော့ ဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဦးအုန်းထွန်း ဖြစ်ပြီး၊ ဦးမောင်မောင်ခင်လည်း ဦးဆောင်မှုမှာ ပါဝင်ကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အခါ သူတို့ဘဝတွေ ပြန်ထူထောင်နိုင်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစားပေး ကူညီထောက်ပံ့ မှာ ဖြစ်ပြီး၊ ဒုတိယအနေနဲ့ သတင်းစာ ဆရာတွေထဲက ဆင်းရဲချို့တဲ့သူတွေကို ဒီဖောင်ဒေးရှင်းကနေ ကူညီမှာ ဖြစ်ပါတယ်။

ဆရာဦးဝင်းတင်ဟာ သတင်းစာ အယ်ဒီတာ၊ အယ်ဒီတာချုပ် ဘဝ ကတည်းက၊ သတင်းစာ ဆရာတွေ ထောင်ကျခဲ့ရင် သူတို့ရဲ့ မိသားစုတွေကို သူ့ရတဲ့ လခ၊ စာမူခတွေထဲက အမြဲတမ်း လှူလေ့ရှိကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။

ဒီဘက်ခေတ်မှာလည်း ဆရာဦးဝင်းတင်ဟာ သူထောင်က ပြန်လွတ်လာပြီးကတည်းက၊ သူ့အတွက် ဆေးဖိုးဝါးခ လှူတာတွေကို တကယ့် ဒုက္ခရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လှူကြောင်း ဆရာ မောင်ဝံသက ပြောပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်မှာ သူဆောင်းပါး ရေးရင်လည်း ရတဲ့ စာမူခကို စာအိတ်တောင်မဖွင့်ဘဲ ပြန်လှူလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ဖောင်ဒေးရှင်းတခုတည်ထောင်မယ်ဆိုရင်တော့ တကယ်လိုအပ်တဲ့သူတွေကို စနစ်တကျကူညီနိုင်မှာ ဖြစ်တယ်ဆိုပြီး စဉ်းစားဆောက်ရွက်ခဲ့တာ ဖြစ်ကြောင်း ဆရာ မောင်ဝံသက ပြောပါတယ်။