ကျောက်မီးသွေးသုံး ဓာတ်အားထုတ် စီမံကိန်းက ထွက်လာနိုင်တဲ့ ပြာမှုန် ပမာဏ

  • 18 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကနေ ပြာတန်ချိန် တသောင်း နှစ်စဉ်ထွက်မှာဖြစ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံ ပါဝင်မှာ ဖြစ်တဲ့ အတွက် အဲဒီဒေသမှာ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ဒီဓာတ်အားပေး စက်ရုံကနေ နှစ်စဉ် ကျောက်မီးသွေး လောင်ကျွမ်းလို့ ဖြစ်လာတဲ့ ပြာ တွေ တန်ချိန် တသောင်း လောက် ထွက်လာ နိုင်တဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ကို ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ကြောင်း ဒီစီမံကိန်းအကြောင်း လေ့လာ သုတေသန ပြုနေတဲ့ Another Develpoment for Burma အဖွဲ့က သုတေသီ စောဖရန်ကီ က ပြောပါတယ်။

ဒီပြာတွေဟာ မိုးရွာတဲ့အခါ မြစ်ချောင်းတွေထဲ စီးပါသွားပြီး မြစ်ချောင်းထဲက ငါးတွေ အပါ အဝင် ရေသတ္တဝါတွေကိုလည်း ထိခိုက်နိုင်ကြောင်း သူက ပြောပါတယ်။

လောင်စာ အဖြစ်သုံးတဲ့ ကျောက်မီးသွေးကနေ ဆာဖာဒိုင်အောင်ဆိုဒ်၊ ကာဘွန်မိုနော့ဆိုဒ် ဓာတ်ငွေ့တွေထွက်လာမှာ ဖြစ်ပြီး အဲဒီဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးကို ပူနွေး စေမှာ ဖြစ် ကြောင်းလည်း သူကပြောပါ တယ်။

ထိုင်းနိုင်ငံက မက်တာပို့ စက်မှုဇုန် နေရာတဝိုက်က စိုက်ခင်းတွေမှာဆိုရင် စိုက်ပျိုးသီးနှံ တွေဟာ ခြောက်သွေ့သွားတာကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

စက်မှုဇုန်တွေ လုပ်ဆောင်မယ့် သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်မှု ရှိမရှိကို အရင် ဆန်းစစ်ဖို့ လိုတယ်လို့ ကိုစောဖရန်ကီက ပြောပါတယ်။

ထားဝယ်စီမံကိန်း ကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တွေက ထိုင်းနိုင်ငံက TEAM လို့ခေါ်တဲ့ အဖွဲ့ကို ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ရေး လုပ်ဖို့စီစဉ် မယ် လို့ ကြားသိထား ကြပေမယ့် အခုအချိန် ထိ ဒေသခံတွေနဲ့ တွေ့ဆုံ မေးမြန်းတာ မြန်မာပြည် ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့တွေ ကို ဖိတ်ခေါ်ဆွေးနွေးတာ စတာတွေ လုပ်တာမျိုး မကြားရသေး ကြောင်းလည်း သူ က ပြောပါတယ်။