မြန်မာ့ ပညာရေး စံနစ် ပြောင်းလဲဖို့ရှိ

  • 19 ဒီဇင်ဘာ 2011
library_
Image caption နည်းပညာ တက္ကသိုလ်တွေ မှာ စာသင်နှစ်တိုး

မြန်မာနိုင်ငံမှာ လာမယ့် ပညာသင်နှစ်က စပြီး သိပ္ပံ ဝိဇ္ဖာ ဘာသာရပ် တွေကို ပညာသင်နှစ် တနှစ် ထပ်တိုးပြီး သင်ကြား မှာဖြစ်သလို အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်တွေ မှာလည်း ပညာသင်ကာလ ကို တနှစ်တိုးပြီး သင်ကြားမယ့် အကြောင်း မြန်မာ အစိုးရ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောပါတယ်။

အခုလို ပညာသင်နှစ် တနှစ်တိုးရုံ နဲ့ မြန်မာ့ ပညာရေး စနစ် တိုးတက်ဘွယ်ရာ လမ်းမမြင်တဲ့ အကြောင်း၊ ဒါဟာ အစိုးရ သစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှု ပြုနေပါတယ် ဆိုတာကို ပြသတာသာ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပညာရေး သုတေသနဌာန မှာ တာဝန်ထမ်းခဲ့ဖူးတဲ့ ဆရာ၊ စာရေးဆရာ မောင်စွမ်းရည် က ဘီဘီစီ ကို ပြောပါတယ်။

ပညာရေး စနစ်ကို ဦးစားပေးလိုတယ် ဆိုရင် စစ်သုံးစရိတ် တွေ လျှော့ချရေး အတွက် ပြည်တွင်းစစ်ပွဲတွေ ရပ်ဆိုင်းပြီး၊ငြိမ်းချမ်းရေး ရဖို့ အရေးကြီးကြောင်း၊ ဒါမှသာ ပညာရေး နဲ့ ကျန်းမာရေး အသုံးစရိတ် ကို ပိုမို သုံးစွဲ နိုင်မယ့် အကြောင်း ဆရာ မောင်စွမ်းရည် က ရှင်းပြပါတယ်။

မြန်မာ့ ပညာရေး လောက မှာ သူငယ်တန်း မှ တက္ကသိုလ်အဆင့် အထိ ကျူရှင် ယူရတဲ့ စနစ်ကလည်း ကျောင်းသားမိဘ တွေ အပေါ် ဝန်ထုပ် ဝန်ပိုးတွေ ဖြစ်နေတဲ့ အထဲ၊ အခုလို တနှစ်တိုးမယ်ဆိုတဲ့ အတွက် မိဘ တွေ အနေနဲ့ ပိုမို ငွေကုန်ကြေးကျ များဖို့သာ ရှိကြောင်း ဆရာ မောင်စွမ်းရည် က ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ပညာရေးနဲ့ ပတ်သက်လို့ ထူးချွန်တဲ့ ပညာရှင်တွေ၊ သုတေသီ တွေ ရှိနေပြီး ဖြစ်တဲ့ အတွက် ပညာရေး ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ် တွေ ကျင်းပပြီး နိုင်ငံတကာ အဆင့်မီ ပညာရေး စနစ် ကို ချမှတ် အကောင်အထည် ဖေါ်ကြရင် လက်တွေ့ကျတဲ့ အဖြေ ထွက်လာနိုင်မယ့် အကြောင်း ဆရာ မောင်စွမ်းရည် က ရှင်းပြပါတယ်။