ကင်မ် ဂျုံ အီးလ် အလွန် မြောက်ကိုရီးယား နိုင်ငံရေး

  • 19 ဒီဇင်ဘာ 2011
Kim Jong Il
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် အတွက် ကြေကွဲ ဝမ်းနည်း နေသူများ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအေးလ် သေဆုံးပြီးနောက် အခုအခါမှာ တောင်ကိုရီးယားက သူ့စစ်တပ်ကို အသင့်အနေအထား တပ်လှန့်ထားပါတယ်။

ကမ္ဘာ တလွှားက တခြား အစိုးရတွေကလည်း မြောက်ကိုရီးယား အခြေအနေကို စောင့်ကြည့်နေပါတယ်။

ခေါင်းဆောင်ကို လူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ အာဏာရှင် ပုံစံ အုပ်ချုပ်ရေး ရှိတဲ့ တိုင်းပြည်တိုင်းမှာ အာဏာဆက်ခံရေး ပြဿနာဟာ အန္တရာယ်ရှိတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်လို့ ဘီဘီစီ သံတမန် သတင်းထောက် ဂျော်နသန်မားကပ်စ် က ဆိုပါတယ်။

မြောက်ကိုရီးယားမှာ အန္တရာယ် ရှိရင် ဒေသတခုလုံးကိုလည်း အန္တရာယ်ရှိလာနိုင်ပါတယ်။

ဒါ့အပြင် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် က အရိုက်ရာ ဆက်ခံဖို့ လျာထားတဲ့ သူ့သား ကင်ဂျုံအွန်း ဟာ ခိုင်ခန့်တဲ့ အချုပ်အချာ အာဏာကို ထူထောင်နိုင်ပါ့မလားဆိုတာကိုလည်း သံသယ ရှိကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရေးမှာ အုပ်စုအသီးသီးရဲ့ သြဇာသက်ရောက်မှု အသီးသီးရှိနေကြတော့ အာဏာလွန်ဆွဲမှုတွေ ဖြစ်လာမလား။ ပြင်ပကမ္ဘာ အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်လာမလဲဆိုတာဟာ ဒီအချိန်မှာ စဉ်းစားတွေးတောစရာ အကြောင်းအရာတွေ ဖြစ်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံရေးဟာ လျှို့ဝှက်ထားလေ့ရှိတဲ့အတွက် ပြင်ပကမ္ဘာက မှန်းဆနိုင်ဖို့ ခက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကင်မ်ဂျုံအီးလ်

တောင်ကိုရီးယား ရေတပ်သင်္ဘောနစ်မြုပ်ခဲ့တဲ့ ကိစ္စနဲ့ တောင်ကိုရီးယားကျွန်းတကျွန်းမှာ တိုက်ခိုက်မှု မနှစ်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဟာ မြောက်ကိုရီးယားနိုင်ငံရေး အရှုပ်အထွေးနဲ့ အကူးအပြောင်းအတွက် ကြိုတင်ဖော်ပြတဲ့ အရိပ်အယောင်တွေလို့ အနောက်နိုင်ငံတွေက ယူဆကြပါတယ်။ ဒီတော့ အခု တောင်ကိုရီးယားက သူ့စစ်တပ်ကို တပ်လှန့်ထားတာဟာ အံ့သြစရာ မဟုတ်ပါဘူး။

ကိုရီးယား ကျွန်းဆွယ်အရေးဟာ ကိုရီးယားအရေး သက်သက် ထက်လည်း ပိုပါတယ်။ တောင်ကိုရီးယားမှာ အခုထိ စစ်တပ်အင်အား သုံးသောင်းကျော် ရှိနေဆဲဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံရေး မြောက်ကိုရီးယား ရဲ့ အဓိက မဟာမိတ် အဖြစ်ရှိနေဆဲ ဖြစ်တဲ့ တရုတ်နိုင်ငံ တို့နဲ့လည်း သက်ဆိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်ကိုရီးယား အပေါ် သြဇာလွှမ်းမိုးမှုဟာ အကန့်အသတ် အတိုင်းအတာရှိတယ်လို့ ဆိုကြပေမဲ့ တရုတ်ကပေးနေတဲ့ စီးပွားရေး အထောက်အကူတွေဟာ မကြာမကြာ စားနပ်ရိက္ခာ ပြဿနာ ရင်ဆိုင်ရလေ့ရှိ တဲ့ မြောက်ကိုရီးယားအတွက် သိပ်အရေးပါပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးနေတဲ့ မြောက်ကိုရီးယား ညူကလီးယားအရေးကလည်း မပြီးပြတ်သေးပါဘူး။ အမေရိကန် အနေနဲ့ကတော့ မြောက်ကိုရီးယားရဲ့ နောက်တက်လာမယ့် ခေါင်းဆောင်ဟာ စစ်ရေး ကိစ္စတွေမှာ ပိုပြီး လိုက်လိုက်လျောလျောရှိဖို့ကို မျှော်လင့်ချက်ထားနိုင်တယ်လို့ ဆိုပါတယ်။