ဗိုလ်အောင်ကျော်နေ့ ရန်ကုန်မှာ ကျင်းပ

  • 20 ဒီဇင်ဘာ 2011

ဒီဇင်ဘာလ ၂၀ ရက်နေ့ဟာ ကိုလိုနီ အစိုးရကို အသက် ပေးပြီး ဆန့်ကျင် ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် ကို ဂုဏ်ပြု ထားတဲ့ အထိမ်း အမှတ်နေ့ ဖြစ် ပါတယ်။

ဓာတ်ပုံ မူပိုင် Burma Students
Image caption အခန်း အနားကို ခွပ်ဒေါင်း အလံတွေ လွှင့် ထူ ပြီး ကျင်းပ ခဲ့ကြ

အခု နှစ်မှာ ကျရောက်တဲ့ ၇၃ ကြိမ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်း အနားကို ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိ စာသင် တိုက်မှာ အင်္ဂါ နေ့က ကျင်းပခဲ့ ပါတယ်။

အဲဒီ အထိမ်း အမှတ်ပွဲကို ယခင် ခေတ် အဆက်ဆက်က ကျောင်းသား ခေါင်းဆောင် တွေ၊ အခုခေတ် လူငယ် ကျောင်းသား ခေါင်းဆောင် တွေ၊ နိုင်ငံရေး သမား တွေ အပြင် စာရေး ဆရာကြီး ဒဂုန် တာရာ၊ စာရေး ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာ မောင်ဝံသ စတဲ့ စာပေ အနုပညာ သမားတွေ အပါအဝင် အလွှာ ပေါင်းစုံ ပါဝင် ခဲ့ကြ ပါတယ်။

ဗိုလ်အောင်ကျော်ရဲ့ မိသားစုဝင် တစ်ယောက် ကလည်း အမှတ် တရ စကား ပြောခဲ့တယ်လို့ ဗိုလ်အောင်ကျော်နေ့ အခမ်း အနား တက်ရောက်ခဲ့သူ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ကိုလင်းထက်နိုင်က ပြောပါတယ်။

ခွပ်ဒေါင်း တံဆိပ် ကျောင်းသား အလံ ကို နံရံမှာ ချိတ်ဆွဲပြီး နှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ် ကျင်းပ နိုင်ခဲ့ တဲ့ အခု အခမ်း အနားမှာ ကျောင်းသား လှုပ်ရှားမှု သမိုင်းနဲ့ အစဉ် အလာ ကြီးမားပုံ တွေကို ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ဟောင်းတွေက ပြန်ပြောင်း ပြောခဲ့ကြ တယ်လို့လည်း သူက ဆက်ပြော ပါတယ်။

၁၉၆၂ ခုနှစ်က ကျောင်းသား သမဂ္ဂ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးလှရွှေက တော့ အခု အခမ်း အနား ကျင်းပ နိုင်ခဲ့တာ အပေါ် ဝမ်းသာ ပီတိ ဖြစ်ရတဲ့ အကြောင်း ထုတ်ဖော် ပြောခဲ့ တယ်လို့ ဆိုပါတယ်။

အခု အခမ်း အနားကို အနှောင့် အယှက် မရှိ ကျင်းပခွင့် ရတယ် ဆိုတာဟာ ဆုံးရှုံး သွားခဲ့တဲ့ အခွင့် အရေး တွေထဲက တစိတ် တပိုင်းကို ရတာသာ ဖြစ်ပြီး ကျောင်းသား ထု အတွင်း မှာရော ပြည်သူ လူထု အတွင်း မှာပါ ကျောင်းသား ထု တစ်ရပ်လုံး လွတ်လွတ် လပ်လပ် လှုပ်ရှားရင်း ပြည်သူ့ အကျိုး တိုင်ပြည်အကျိုး လုပ်ဆောင် နိုင်ခွင့် ရမှသာ အခွင့် အရေး အပြည့် အဝ ရတယ်လို့ ပြောနိုင်မှာ ဖြစ်ကြောင်း ဗကသ ကျောင်းသား အဖွဲ့ဝင် ကိုလင်းထက်နိုင်က ပြောပါတယ်။

သူတို့ အနေနဲ့ ကတော့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ကြီး တစ်နိုင်ငံ လုံးမှာ တရားဝင် လွတ်လွတ် လပ်လပ် လှုပ်ရှား ဆောင်ရွက် နိုင်ခွင့် ရတဲ့ အထိ ကြိုးပမ်း လုပ်ဆောင် သွားမယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။