အစိုးရနဲ့ KNU တို့ တရားဝင် ပထမဆုံး တွေ့မည်

  • 20 ဒီဇင်ဘာ 2011
KNU
Image caption အလွတ်သဘော ဆွေးနွေးစဉ်က

ကရင် အမျိုးသား အစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော် ဆောင်ရေး အဖွဲ့ဟာ လာမယ့် နှစ်ဆန်း ဇန်နဝါရီလ လယ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တွေ့ဆုံ ပြီးတော့ နှစ်ဖက် ကြား အပစ် အခတ် ရပ်စဲရေး အတွက် ဆွေးနွေး တော့မှာ ဖြစ်ပါတယ်။

ဒီတကြိမ် တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ လကုန်ပိုင်းတုန်းက ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်မှာ နှစ်ဘက် ဆွေးနွေးတာတွေ ရှိပေမယ့် အလွတ်သဘော ဆွေးနွေးမှုသာ ဖြစ်တယ်လို့ KNU ဘက်က ပြောပါတယ်။

''ဇန်နဝါရီလ ဒုတိယ အပတ်မှာ ဝန်ကြီး ဦးအောင်မင်း ကမ်းလှမ်းထားသလိုပဲ၊ ဘားအံမြို့ မှာတွေ့ဖို့အတွက် ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်'' လို့ KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဖဒို စော ဒေးဗစ် ထော က ဘီဘီစီကို ပြောပါတယ်။

''ထာဝရ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး သွားရမယ့် ကိစ္စဖြစ်တဲ့ အတွက်ကြောင့် နှစ်ဦးနှစ်ဖက် ပိုပြီးတော့ ခိုင်ခိုင်မာမာနဲ့ ရှေ့ကို သွားနိုင်ဖို့အတွက် ဆွေးနွေးဖို့ ကျွန်တော်တို့မှာ အဲဒီသဘောထားတွေရှိပါတယ်'' လို့ ဖဒို စော ဒေး ဗစ်ထောက ပြောပါတယ်။

မြန်မာအစိုးရဘက်က တွေ့မယ့်အဖွဲ့ကို ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။

KNU ဘက်ကတော့ KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့အတူ KNU တပ်မဟာတွေနဲ့ ခရိုင်ခေါင်းဆောင်တွေ လိုက်ပါသွားကြမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးမယ့် အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။

ဇန်နဝါရီလ ဘားအံ ဆွေးနွေးပွဲကို မသွားခင်မှာ KNU နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေဟာ အခုရက်ပိုင်း မှာလည်း ထိုင်းမြန်မာနယ်စပ်မှာ အကြို ညှိနှိုင်း ဆွေးနွေးမှု တွေလုပ်ဖို့ အလွတ်သဘော ထပ်မံ တွေ့ဆုံဖို့ ရှိသေးတယ်လို့ KNU ထိပ်ပိုင်း ခေါင်းဆောင် တဦးက ပြောပါတယ်။

အခြား သတင်းတရပ်မှာတော့ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ဇန်နဝါရီလ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ တွေ့ဆုံသွားဖို့ ရှိတယ်လို့ CNF ရဲ့ အရေးပေါ် အစည်းအဝေးတစ်ခုကနေ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။