ကိုဇာဂနာနဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

  • 20 ဒီဇင်ဘာ 2011
zaganar_bbcburmese ဓာတ်ပုံ မူပိုင် BBC burmese
Image caption ကိုဇာဂနာ ဘီဘီစီ ဘန်ကောက်ရုံးခန်းရောက်စဉ်

မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး ဆိုင်ရာ လေ့လာဖို့ ပထမဆုံး အကြိမ် အနေနဲ့ ပြည်ပ ခရီးထွက်လာတဲ့ နာမည်ကျော် အနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရ ဟာ ဘန်ကောက် ဘီဘီစီ မြန်မာဌာန ရုံးခန်း မှာ သီးသန့် တွေ့ဆုံမေးမြန်း ခွင့်ပြုခဲ့ပါတယ်။

ကိုဇာဂနာ က ပြည်ပ အတွေ့အကြုံ ကို ဦးစွာ ပြောပြ ရာမှာ ဘန်ကောက် နိုင်ငံတကာ လေဆိပ် ကြီးမား ခမ်းနားပုံ နဲ့ ဘန်ကောက်မြို့ ရဲ့ တိုက်တာ အဆောက်အအုံ၊ လမ်း တံတား တွေ တွေ့ရတဲ့ အခါမှာ အံ့သြ မှုနဲ့ အတူ ထိုင်းနိုင်ငံရဲ့ တိုးတက်မှု နဲ့ မြန်မာနိုင်ငံ ကို နှိုင်းယှဉ်မိပြီး ရင်ခုန် ပျော်ရွှင် ရမယ့်အစား အိမ်နီးချင်း နိုင်ငံ ဖြစ်ရက်နဲ့ ဘာဖြစ်လို့ ဒီလောက် ကွာခြား သွားရတါပါလဲ လို့ စဉ်းစား မိရင်း စိတ်မကောင်း ဖြစ်မိပုံ ဘီဘီစီ ကို ပြောပြပါတယ်။

ထိုင်းနိုင်ငံလို မြန်မာနိုင်ငံ တိုးတက်အောင် နှစ်ကာလ ဘယ်ရွေ့ ဘယ်မျှ အချိန်ယူရမှာ လည်း ဆိုတဲ့ အချက်လည်း စိတ်ထဲ ပေါ်ပေါက်ပုံ ရှင်းပြပါတယ်။

ထူးခြားတဲ့ အချက်အနေနဲ့တော့ မျက်နှာ အသွင်အပြင် ကွာခြားတဲ့ နေရာမှာ မြန်မာလူမျိုးတွေ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မှ မြန်မာတွေနဲ့ မတူတာက ကြောင့်ကျစိတ်၊ ပူပင်မှု၊ မိမိ ကိုယ်ကို ယုံကြည်မှု နဲ့ လွတ်လပ်ပေါ့ပါး နေတာ တွေ့ခဲ့ရလို့ ပြည်တွင်းက မြန်မာ လူငယ်တွေကို လည်း အခုလို ဖြစ်စေလိုကြောင်း ကိုဇာဂနာ က ပြောပြပါတယ်။

ပြည်ပ ထွက်လာတဲ့ ရည်ရွယ်ချက်က ရုပ်ရှင်ပွဲတော် ကျင်းပရေး အစီအစဉ် နဲ့ ကမ္ဘောဒီးယား မှာ မှတ်တမ်းတင် ရုပ်ရှင် သင်ကြားတဲ့ ကျောင်း မှ နည်းပညာ တွေ ရယူရေး ပါဝင်ပုံ ရှင်းပြပါတယ်။