နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2011 - 15:26 GMT

ဒေါ်စုနဲ့ ၈၈ ကျောင်းသားတွေ တွေ့ဆုံ

၈၈ မျိုးဆက် ကျောင်းသား တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

88 Generation Students

၈၈ မျိုးဆက် ကျောင်းသား အားလုံး ဒေါ်အောင် ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ကို ဝန်းရံ မယ်

ဆွေးနွေး ကြသူတွေ ကတော့ ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလ အတွင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ထိပ်တန်း ခေါင်းဆောင်တွေ ဖမ်းဆီး ခံခဲ့ရ ပြီးတဲ့နောက် တိမ်းရှောင် နေခဲ့ကြ သူတွေ ဖြစ်တဲ့ ကိုထွန်းမြင့် အောင်နဲ့ ကိုစိုးထွန်း အပါ အဝင် ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူ ၁၀ ယောက် ဖြစ် ပါတယ်။

အဲဒီ ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူ တွေကဒေါ်အောင်ဆန်း စုကြည်ကို သီးသန့် သွားရောက် တွေ့ဆုံ ပြီး မကြာ သေးခင်က သူတို့ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာချက် အပေါ် နားလည်မှု လွဲနေကြ တာတွေကိုရော ၈၈ မျိုးဆက် ကျောင်းသား များရဲ့ မူဝါဒနဲ့ နိုင်ငံရေး သဘောထား တွေကိုပါ သွားရောက် ရှင်းပြ ခဲ့ကြ တယ်လို့ ဆွေးနွေးရာမှာ ပါဝင်သူ ကိုစိုးထွန်းက ဘီဘီစီကို ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က ဒီမို ကရေစီ ရေး လမ်းကြောင်းကို သွားမယ် ဆိုရင် ရွေးကောက်ပွဲ ဆိုတာကို ဖြတ်သန်း ကြရမှာ ဖြစ်တယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေ ကိုလည်း ကျောင်းသား တွေ အနေနဲ့ မဟုတ်ဘဲ နိုင်ငံရေး သမားတွေ အနေနဲ့ ဒီမို ကရေစီ ဖော်ဆောင်ရေး လုပ်ငန်း တွေမှာ အားလုံး ပူးပေါင်း လက်တွဲ ပါဝင် စေချင် တယ်လို့ ပြောတာကိုလည်း ကိုစိုးထွန်းက ပြန်ပြော ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့က အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ သွား နေတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ကန့်ကွက် ရှုတ်ချ နေတာ မဟုတ်ဘဲ သူတို့ ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ်လာမှသာ ရွေးကောက်ပွဲမှာ ပါဝင်ရေး မပါ ဝင်ရေးနဲ့ ပါတီ တည်ထောင်ရေး စတာ တွေကို ဆွေးနွေး ဆုံးဖြတ် နိုင်ကြမှာ ဖြစ်တယ်လို့ ကိုစိုးထွန်းက ပြောပါတယ်။

လောလောဆယ် မှာတော့ လာမယ့် ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဘက်က ကိုယ်စားလှယ် ထည့်သွင်းပြီး ပါဝင်မှာ မဟုတ်ဘူး လို့ ဆို ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို ဒီမို ကရေစီ ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်း နေသူ လူထု ခေါင်းဆောင် တစ်ယောက် အဖြစ် ယုံကြည် ထား တာ ကြောင့် ဆက်လက် အကျဉ်းကျ နေကြတဲ့ ကျောင်းသား တွေရော အခု ပြန်လွတ် လာတဲ့ ကျောင်းသားတွေ အားလုံးကပါ ဝန်းရံ ထောက်ခံ သွားမယ်လို့ ပြော ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီ စည်းရုံးရေး၊ မဲဆန္ဒရှင် တွေကို ပညာပေးရေး လုပ်ငန်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေ မှာ အန်အယ်လ်ဒီကို ပံ့ပိုး ကူညီ သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ကိုစိုးထွန်းက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ပြန်လွတ် လာရေး ဒေါ်အောင်ဆန်း စုကြည်က ကြိုးပမ်း ဆောင်ရွက် လိမ့်မယ်လို့ ယုံကြည် ကြောင်းနဲ့ ပြန်လွတ် လာဖို့ မျှော်လင့် ကြောင်းလည်း ကိုစိုးထွန်းက ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။