ရန်ကုန် လှည်းတန်းမှာ ဗုံးပေါက်

  • 21 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အများ ပြည်သူသုံး သန့်စင် ခန်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ

ရန်ကုန်မြို့လှည်းတန်း လမ်းဆုံနားမှာ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီက ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာ၊ လူတစ်ဦး သေဆုံးပြီး၊ နောက်နှစ်ဦးကတော့ ဒဏ်ရာ အပြင်း အထန် ရရှိသွားပါတယ်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းထောင့် ရန်ကုန် တက္ကသိုလ်ဝင်းနဲ့ ကပ်လျက်မှာ မကြာသေးခင်က ဖွင့်ထားတဲ့ အများသုံး သန့်စင်ခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

မပေါက်ကွဲသေးတဲ့ နောက်ထပ် ဗုံးတလုံးရှိနေသေးတဲ့အတွက် ဗုံးရှာ ကိရိယာတွေ၊ အနံ့ခံ ခွေးတွေနဲ့ ရဲတပ်ဖွဲ့က ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်မှုရှိပြီး အနီးအနားက တိုက်တွေ၊ ကျောင်းတွေပါ တုန်ခါသွားခဲ့ တယ်လို့ မျက်မြင်တွေ့ရှိသူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ကမာရွတ်ရဲစခန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဗုံးပေါက်ကွဲတာကို အတည်ပြု ပြောပေမဲ့ အသေးစိတ် ပြောပြဖို့ကိုတော့ ငြင်းဆိုသွားပါတယ်။

ဖြစ်ပွားပြီး မကြာခင် အဲဒီနေရာ တဝိုက်ကို ရဲကားတွေနဲ့ မီသတ်ကားတွေက လုံခြုံရေး ယူထားပြီး၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းထိ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် ကာလမ်းတွေ ပိတ်ထားဆဲ ဖြစ်ပါတယ်။