နိုင်ငံရေး အကျဉ်းသားဟောင်း တွေ မေတ္တာရပ်ခံ

  • 21 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရ နှစ်၂ဝပြည့် အခမ်းအနား ကျင်းပနေပုံ

နေပြည်တော် အစိုးရရဲ့ ငြိုငြင်တာ ခံနေရတဲ့ ရွှေညဝါ ဆရာတော်ကို မဟန အဖွဲ့က ကျောင်းတိုက်က နှင်ထုတ်ပြီး အရေးယူဖို့ ဖိအားပေးလာပြီးတဲ့နောက် ရွှေညဝါ ဆရာတော်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံသူတွေက မဟနရဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ လက်မှတ်ထိုး တောင်းဆိုနေရာမှာ ခုနောက်ဆုံး နိုင်ငံရေး အကျဉ်းသားဟောင်း တွေကလည်း ရွှေညဝါ ဆရာတော်ကို အရေးမယူဖို့ မဟနကို လျှောက်ထားလိုက်ပါတယ်။

ဒီဇင်ဘာ ၂ဝ ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ စာမှာ ရွှေညဝါ ဆရာတော် ဦးပညာသီဟ ဟာ ဗုဒ္ဓ တက္ကသိုလ် ဖွင့်ပြီး သာသနာပြု လုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင် နေတာကို သူတို့ ကိုယ်တွေ့ မျက်မြင်ပဲလို့ လျှောက်ထားပြီး ဆရာတော်ဟာ သာသနာ ပြန့်ပွားရေး အတွက် လုပ်ဆောင် နေတာသာ ဖြစ်တယ်လို့ လျှောက်ထားပါတယ်။

အဲဒီ အတွက် မဟနရဲ့ ဆရာတော်ကို အရေးယူဖို့ လုပ်ဆောင်တာကို အထူး စိတ်မသက်သာ ဖြစ်မိတဲ့ အလျှောက် လက်ရှိ ဖြစ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လျှောက်ထားခဲ့ပါတယ်။

ဒီလျှောက်ထားချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကြည်လွင်ကို ဦးကိုကိုအောင်က ဆက်သွယ် မေးမြန်းတဲ့ အခါ ဆရာတော်ကြီးက ဘုန်းကြီးကိစ္စ ဘုန်းကြီး အချင်းချင်း မေးမယ် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တယ် တောင်းပန်သင့်ရင် တောင်းပန်မယ်လို့ ဆရာတော်ကြီးက ဆိုကြောင်း ပြောပါတယ်။

အခုတော့ လျှောက်ထားလွှာကို ပြန်စာ စောင့်နေကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက ကြားဝင် မေတ္တာရပ်ခံတာ ဖြစ်ကြောင်းလည်း ကိုကြည်လွင်က ပြောသွားခဲ့ပါတယ်။