ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာ ခရီးစဉ်

  • 21 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲခေါင်မြစ်ဝှမ်း ထိပ်သီး ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ

ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ်ရှင်နာဝပ် ဟာ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံများ ထိပ်သီးညီလာခံ တက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်း နေပြည်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ သီးခြား တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီအကြောင်း နဲ့ပတ်သက်ပြီး မစ္စယင့်လတ်ရဲ့ ပြောခွင့်ရသူ မစ္စ ထိတီမား ချိုင်စဲန် ကို ဆက်သွယ် မေးကြည့်တော့ အရင်ဆုံး သမ္မတဦးသိန်းစိန်နဲ့ မစ္စယင့်လတ် တွေ့ဆုံခဲ့တဲ့ အကြောင်း နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ မှာတော့ မြန်မာအစိုးရက မြဝတီ နယ်စပ်ကို ပြန်ဖွင့်ပေးတာနဲ့ ထိုင်းဘုရင့် မွေးနေ့မှာ မြန်မာ အကျဉ်းထောင်တွေထဲက ထိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ ကိစ္စတွေကို ကျေး ဇူးတင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့် ကိစ္စကိုလည်း ထိုင်းနိုင်ငံက ထောက်ခံကြောင်းနဲ့၊ ကန်ချနာ့ဘူရီခရိုင်မှာ ရှိတဲ့ ဖုနမ့်မ်လော်န် နယ်စပ် စခန်းနဲ့ ပကျွတ် ကီရိခန် မှာရှိတဲ့ ဘန့်မော်သောင် နယ်စပ် စခန်းသစ် တွေကိုလည်း ဖွင့်ပေးဖို့ ပြောတဲ့အခါ မြန်မာသမ္မတ ကတော့ ဒေသတည်ငြိမ်မှု အခြေအနေကို ကြည့်ပြီး ဆောင်ရွက်သွားမယ်လို့ တုန့် ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီး ကလည်း မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံကို ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေခွင့် M3 လုပ်ကွက်မှာ ပေးနိုင်တယ်လို့ ဆိုကြောင်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ သွားရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အခါမှာ ဘာတွေ ဆွေးနွေးခဲ့ ကြပါလဲလို့ မေးကြည့်တော့ ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ်ဟာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၊ ထိုင်းအမျိုးသမီး ပါလီမန် အမတ်ငါးဦးလောက်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့က ထိုင်း သံအမတ်ကြီး အိမ်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

မစ္စယင့်လတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ် ပေါ်ပေါက်အောင် ဆောင်ရွက်ချက်တွေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို လေးစားတဲ့ အကြောင်း ပြောခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ထိုင်းနိုင်ငံက ထောက်ခံကြောင်းလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ သူဟာ ပြည်သူတွေ အကျိုးရှိမယ့် အလုပ်ကို လုပ်ချင်တဲ့အကြောင်း ပြန်ပြောခဲ့ပြီးတော့ ထိုင်းပါလီမန်ထဲမှာ အမျိုးသမီး အမတ် ဘယ်နှစ်ယောက်ရှိ သလဲ ဆိုတာကိုလည်း မေးခဲ့ကြောင်း ၊ မစ္စယင့်လတ်က ဖုဝါ့ထိုင်း ပါတီတခုထဲမှာတင် အမျိုးသမီးအမတ် ၄၅ ယောက် ထက် မနည်း ရှိတယ်လို့ ပြန်ဖြေခဲ့ သလို ဒေါ်အောင်ဆန်းစုကြည် က ထိုင်းမြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ ဒုက္ခသည် တွေကို စောင့်ရှောက်တဲ့ အတွက်လည်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။

မစ္စယင့်လတ် ရွေးကောက်ပွဲ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာကတည်းက မြန်မာနိုင်ငံကို လာရောက်တာ နှစ်ကြိမ် ရှိပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို စောင့်ရှောက်ထားလို့ ကျေးဇူးတင်ကြောင်း ဒေါ်စု ပြော

မြန်မာနိုင်ငံကို ပထမအကြိမ် သွားခဲ့ပြီးကတည်းက အရင် အစိုးရ လက်ထက် ကထက်စာရင် နှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာ တိုးတက် လာကြောင်း ၊ မဲဆောက်မြဝတီ နယ်စပ်ကို ထိုင်းဖက်က တောင်းဆိုသလို မြန်မာဖက်က ပြန်ဖွင့်ပေးခဲ့ပြီး ထိုင်းဘက်ကလည်း တံတားအောက်ပိုင်းကို ပြန်ဖွင့်ပေးမယ်လို့ ကတိပေးခဲ့ကြောင်းနဲ့ ဒီလို ဆက်ဆံရေး ကောင်းလာတဲ့ အတွက် ထိုင်းဖက်က နောက်ထပ် နယ်စပ်တွေကို ထပ်ဖွင့်ဖို့နဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကိစ္စတွေကို အဆိုပြုလာ နိုင်တာဖြစ်တယ်လို့ မစ္စယင့်လတ်ရဲ့ ပြောခွင့်ရသူ မစ္စ ထိတီမား ချိုင်စဲန် ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင်မှာ သူ့အကိုဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နဝပ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အကြောင်းကို မေးမြန်းတဲ့ အခါမှာတော့ ဒီအကြောင်းကို သူ သေသေချာချာ မသိဘူးလို့သာ ပြန်ဖြေခဲ့ပါတယ်။